လာအိုကို အလုပ်သွားလုပ်ပြန်လာတဲ့ မြန်မာ၈ ဦး စက်လှေမှောက်ပြီး ပျောက်ဆုံးနေ

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၁
Voice Of Myanmar (VOM)
 
မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက လူငယ် ၈ ဦးဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်(က) ကျေးရွာကနေ တဆင့် မဲခေါင်မြစ်ကိုဖြတ်ကျော်ပြီး လာအိုနိုင်ငံဘက်ကို တရားမဝင် အလုပ်သွား လုပ်ရာက စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတယ်လို့ တာချီလိတ် လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
 
” လာအိုဘက်ကို သွားရောက်ခဲ့တဲ့ စက်လှေပေါ်မှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၉ ယောက်ပါတယ် ၊ စက်လှေတိမ်းမှောက်တဲ့အခါ အဲ့ဒီ ၁၉ ယောက်ထဲက ၁၁ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၈ ယောက်ကတော့ ရေနစ်ပျောက်ဆုံးနေခဲ့တာ အခု ( နိုဝင်ဘာ ၁၂ ရက် ညနေပိုင်း) အထိတော့ ပျောက်ဆုံး ၈ ယောက်အနက်က ရုပ်အလောင်း ၄ လောင်းကို ပြန်လည်တွေ့ရပြီး ၊ ကျန် ၄ ယောက်ကိုတော့ရှာဖွေနေဆဲ ဖြစ်တယ် ” လို့ နယ်ခံ စေတနာ့ဝန်ထမ်း တစ်ယောက်က VOM ကို ပြောပါတယ်။
 
ဒါ့အပြင် စက်လှေတိမ်းမှောက်ရာ မဲခေါင်မြစ်ထဲကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် မနေ့ နိုဝင်ဘာ ၁၂ ရက် ညပိုင်း အချိန်ထိ ရေနစ်ပျောက်ဆုံးနေတဲ့ လူတွေနဲ့ ပတ်သက်လို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေက မှတ်တမ်းပြုလုပ်ထားပါတယ်။
 
အဲ့ဒီ မှတ်တမ်းမှာ ဖော်ပြထားတဲ့
လူနာမည်တွေကတော့ ကိုသန်းဇော်ဌေး မကွေးတိုင်း ၊ ကိုဇော်ဝင်းထွန်း မကွေးတိုင်း ၊ ကိုရဲမျိုးသွင် မကွေးတိုင်း ၊ ကိုခိုင်မျိုးထက် မကွေးတိုင်း ၊ အဲ့ဒီ ၄ ယောက်က ပျောက်ဆုံးနေဆဲဖြစ်ပါတယ် ။
 
ဒါ့အပြင် ရှာဖွေကယ်ဆယ်နိုင်ခဲ့တဲ့ ရုပ်အလောင်း ၄ လောင်းကတော့
ကိုမောင်မောင် အသက် ၂၈ နှစ် ၊ ကန်ကြီးကျေးရွာ ၊ မိတ္ထီလာမြို့နယ် ၊ မန္တလေးတိုင်း ၊ မခင်သူဇာ မကျီးထူးကျေးရွာ ၊ မြို့သစ်မြို့နယ် ၊မကွေးတိုင်း၊ မခင်နွေလင်း အသက် ၃၁ နှစ် မကွေးတိုင်း ၊ မနွေးအိသူ အသက် ၁၈ နှစ် မကွေးတိုင်း ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီ ရေနစ်သေဆုံးသူတွေနဲ့ အတူ စက်လှေပေါ်မှာ လိုက်ပါလာခဲ့တဲ့ လူ ၁၁ ယောက်ကတော့ အသက်သေဆုံးတာ မရှိပဲ တိမ်းရှောင်နေကြတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပြပါသေးတယ်။
 
#voiceofmyanmar #VOM #လာအို #မြန်မာရွှေ့ပြောင်းလုပ်သား #စက်လှေနစ်
 
ပုံစာ ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ပုံ
 
ဓာတ်ပုံ ၊ နယ်ခံ စေတနာ့ ဝန်ထမ်း တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW