ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းသမားကို ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်

နိုဝင်ဘာ ၁၅-၂၀၂၁
KT+GH (VOM )
 
နိုဝင်ဘာလ ၁၂ ရက်နေ့က ထောင် ၁၁ နှစ်နဲ့ ငွေဒဏ်ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းက အမေရိကန်သတင်းသမား Danny Fenster ကို ဒီနေ့မနက်ပိုင်းကပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
 
Danny Fenster ကိုလွှတ်ပေးပြီး ဒီနေ့မနက်ထွက်ခွာမယ့်လေယာဉ်နဲ့ သူ့နိုင်ငံကို ချက်ခြင်းပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ န.စက.ဘက်ကနေ အတည်ပြုပြောဆိုထားတာ တွေ့ရပါတယ် ။
 
ဒီကိစ္စနဲ့ပတ်သက်ပြိး ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ” ရန်ကုန်က သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုစာလှမ်းပို့တယ် သူလွတ်သွားပါပြီ၊ ကွန်ဂယက်ကျူလေးရှင်းပါလို့ စာလှမ်းပို့တယ်။အဲ့ဒါပဲ။ Officially တော့မသိရသေးဘူး။ “လို့ ပြောပါတယ်။
 
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အမေရိကန်နိုင်ငံနယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချက်ဆန်နဲ့ ဒီနေ့ ၁၅.၁၁.၂၀၂၁ မွန်းလွဲပိုင်းမှာနိုင်ငံတော်ဝန်ကြီးချူပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်နဲ့တွေ့ဆုံခဲ့ပါတယ်။ သူနဲ့ကတော့ အချက်သုံးချက်ဆွေးနွေးခဲ့ပါတယ်၊ Covid 19 ရောဂါကာကွယ်ထိန်းချူပ်မှုနဲ့ပတ်သက်ပြီးဆောင်ရွက်ပေးနိုင်မယ့်အခြေအနေ၊မြန်မာနိုင်ငံနဲ့နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးကြိုးပန်းဆောင်ရွက်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဆောင်ရွက်ပေးနိုင်မယ့်အခြေအနေများဆွေးနွေးခဲ့ပါတယ်၊ ဖရန်တီးယားမြန်မာသတင်းထောက် ဒယ်နီဖရက်စတာကိုတော့ ဒီနေ့ ၁၅.၁၁.၂၀၂၁ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်၊ပြည်နှင်ဒဏ်ပေးလိုက်တာပေါနော်၊ အမေရိကန်ကိုယ်စားလှယ်နဲ့အတူပါသွားပါတယ်”လို့ ပြောပါတယ်။
 
Danny Fenster ကို အင်းစိန်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) မှုအတွက် အင်းစိန်ထောင်တရားရုံးက ထောင် ဒဏ် ၁၁ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ကျခံဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက်နေ့ကမှ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
 
နောက်ထပ်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄- က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ထပ်တိုးစွဲခံထားရပြီး အမှုရင်ဆိုင်လိုက်ရခြင်းမရှိဘူးလို့ သိရပါတယ်။
 
Denny Fenster ဟာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံကိုအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #အမေရိကန်သတင်းထောက် #DennyFensterကို #ပြန်လွှတ် #ပြည်နှင်ဒဏ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW