မိုင်းစထိတဲ့ ချောင်းဦး မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးပြီး နောက်ထပ် မိုင်းပေါက်ကွဲလို့ ရဲ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမှူး ၁ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာရပြီးနောက် မနေ့ နိုဝင်ဘာ ၂၆ ရက် နေ့ခင်း ၁ နာရီကျော်အချိန်က နမခ စစ်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး မနေ့ မနက်ပိုင်းက နောက်ထပ် မိုင်းပေါက်ကွဲတဲ့အတွက် ရဲ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးနယ်ခံတွေက ပြောပါတယ်။
 
” မြို့နယ်ရဲမှူးဖြစ်တဲ့ ရဲမှူး ဝင်းအောင်ဟာ မိုင်းစထိမှန် ဒဏ်ရာနဲ့ မနေ့က နမခ စစ်ဆေးရုံမှာ ဆုံးခဲ့တယ် ၊ အခုလ ၁၀ ရက် မနက်ပိုင်းက အသက်မဲ့ လုပ်ထားတဲ့ ရှင်းလင်းပြီးသား မိုင်းက ထပေါက်လို့ စစ်တပ်က ဗိုလ်ကြီး ဝသုန် ဆိုတာ အဲ့နေရာမှာတင် သေတယ် ၊ ဗိုလ်မှူး တယောက်နဲ့အတူ ဒဏ်ရာရခဲ့တဲ့ ရဲမှူး သေတာ ” လို့ ရဲစခန်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ် ။
 
ဒါ့အပြင် မနေ့က မနက်ပိုင်း ၉ နာရီလောက်မှာ ချောင်းဦးကနေ မုံရွာကိုလာတဲ့ အရပ်ဝတ် ရဲတွေ လိုက်ပါလာတဲ့ အရပ်ဖက် လိုက်ထရပ် ကားတစီးဟာ မန္တလေး မုံရွာ ကားလမ်း ချောင်းဦးမြို့ရဲ့ မြောက်ဘက် ၂ မိုင်လောက်မှာ မိုင်းခွဲ တိုက်ခိုက်ခံရတဲ့အတွက် အဲ့ဒီ ကားပေါ်မှာ ပါတဲ့ ရဲ ၃ ယောက် ထပ်ပြီး ဒဏ်ရာရခဲ့ပါသေးတယ် ။
 
အဲ့ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချောင်းဦးနယ်ခံ တယောက်က ” မုံရွာဘက်ကိုသွားတဲ့ အရပ်ဝတ်ရဲတွေပါတဲ့ လိုက်ထရပ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရတာပါ ၊ အရပ်ကားပေါ်မှာပါတဲ့ ရဲတပ်ကြပ် စနေသာ ၊ ရဲဒုတပ်ကြပ် ဝေဖြိုးထွန်း နဲ့ ရဲဒုတပ်ကြပ် မျိုးထွန်း အဲ့ဒီ ၃ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တာ ” လို့ ဖြစ်ပါတယ်။
 
အခုလ ၂၅ ရက်က ချောင်းဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ပရိမ္မ မြောင်ကားလမ်းမှာ နယ်မြေရှင်းလင်းရေး လှုပ်ရှား တပ်ဖွဲ့ဝင် ရဲအုပ် ၁ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါတယ်။
 
အဲ့ဒါတွေအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာခရိုင် ဘုတလင်မြို့နယ် ကူတော်ရဲကင်း စခန်းက ရဲတွေဟာ မိုင်းရှင်းလင်းရေး လုပ်ကိုင်နေတဲ့အချိန် ပေါက်ကွဲခဲ့တဲ့အတွက် ရဲတယောက် သေဆုံးပြီး ကျန်ရဲတယောက် ခြေတောက် ၁ ဘက်ဖြတ်တောက်ခဲ့ရတာ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ချောင်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW