ချင်းပြည်နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတချို့ အရေးပေါ် ပြောင်းရွှေ့နေရ

နိုဝင်ဘာ ၊ ၂၈-၂၀၂၁
နှင်းဖြူဝေ (VOM)
 
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်အားအနည်းငယ်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း မနေ့ နိုဝင်ဘာ ၂၇ရက်မနက်ပိုင်းမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်လာတဲ့အတွက် ကျေးရွာတချို့ကလူတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ချင်းပရဟိတအဖွဲ့ကနေ သိရပါတယ်။
 
ချင်းပရဟိတ စေတနာ့ဝန်ထမ်း ပါးဝုန်ဒိုထန်း ” မြေအက်ကွဲကြောင်းတွေဖြစ်လာလို့ မနေရဲတဲ့အတွက် ရွာပြောင်းရွှေ့ပေးနေရတာ ” လို့ VOM ကို ပြောပါတယ်။
 
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ အန်းလန့်ကျေးရွာမှာ မနေ့မနက် အစောပိုင်းကစပြီး အကျယ် ၈ လက်မနဲ့ ၆ လက်မ အကြား အရွယ်အစားရှိတဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်လာပြီး မြေအောက် ဘယ်လောက်နက်တယ်ဆိုတာ အဖြေမသိနိုင်တာကြောင့် သဘာဝဘေးအန္တရာယ် တခုခုကျရောက်လာမှာကို စိုးရိမ်ပြီး ရွာလုံးကျွတ်နီးပါး ပြောင်းနေကြတာလို့ ဒေသခံတွေပြောပြချင်အရ သိရပါတယ်။
 
” ဟိုနေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့်လည်း ဖြစ်နိုင်သလို ၊ ပြီးခဲ့တဲ့ ရက်ပတ်ထဲက ချင်းတောင်မှာ အဆက်မပြတ် မိုးရွာရက်တွေကြောင့်လည်း ဖြစ်နိုင်တယ် ၊ တွန်းဇံ နဲ့ ကျီးခါးဘက်တွေမှာ နှစ်တိုင်းလိုလို မြေပြိုကျတဲ့ သဘာဝဘေးတွေကြောင့် လူနေအိမ်တွေပျက်စီးရတာ ဖြစ်တယ် ၊ အခုလည်း အဲ့ဒီလို မြေပြိုမှုတွေဖြစ်လာမှာကို စိုးရိမ်ရတဲ့အတွက် ရှောင်နေတာ ” လို့ အန်းလန့်ရွာခံ ပါးခုတ် ဆိုသူက ပြောပါတယ်။
 
မနေ့ နိုဝင်ဘာ ၂၇ရက် မနက် အစောပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ မြေအက်ကွဲကြောင်းနဲ့ ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာက ညနေ့ပိုင်းအထိ တုန့်ပြန်ဆောင်ရွက်ပေးတာ မတွေ့ရသေးဘူးလို့ ရွာခံတွေပြောပြချက်အရ သိရပါတယ်။
 
Photo-နယ်ခံ စေတနာ့ဝန်ထမ်း တစ်ဦး
#voiceofmyanmar #VOM #ချင်း #ငလျင်အပြီး #ပြောင်းရွှေ့နေရ

Related posts

Leave a Comment

VOM News

FREE
VIEW