တန့်ဆည်နယ်မှာ လူနေအိမ် ၃ လုံး မီးလောင်ပြီး အမျိုးသမီး ၆ ဦး အသတ်ခံထားရ

ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁
နှင်းဖြူဝေ ( VOM)
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကျွန်းတောကုန်းကျေးရွာမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ၊ ည ၁၀ နာရီကျော်အချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝန်း အဝိုင်းထဲ လူနေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အမျိုးသမီး ၆ ယောက်လည်း သေဆုံးနေတာ တွေ့ရတယ်လို့ တန့်ဆည်မြို့ခံ တစ်ယောက်က ပြောပါတယ်။
 
” ဖြစ်တာက မနေ့က ညနက်ပိုင်းမှာ ဖြစ်တာလို့ သိရတယ် ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာ အဲ့ဒီ ရွာဘက်ကို စစ်တပ်နဲ့ ရဲပါတဲ့ အဖွဲ့တွေ သွားရောက်စစ်ဆေးဖို့ ထွက်သွားပြီ ” လို့ အဲ့ဒီ မြို့ခံက ဆက်ပြီးပြောပါတယ်။
 
ဒါ့အပြင် ရွှေဘိုခရိုင် ကောင်စီရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ခံ ဖြေကြားပေးမယ့် သူမရှိသေးတာကြောင့် ရုံးနဲ့ နီးစပ်သူ တစ်ယောက်ကို မေးကြည့်တော့
 
” ကနဦး ကြားရတာပဲရှိသေးတယ် ၊ ညကဖြစ်တာပေါ့ ၊ ကျွန်းတောကုန်းကျေးရွာ အုပ်ကြီး ဦးတိုက်ငွေရဲ့ အိမ်ဝိုင်းထဲက လူနေအိမ်တွေ မီးရှို့ခံရတာ ၊ လာရှို့တဲ့သူက လူ ၁၀ ယောက်ကျော်လောက်က ဆိုင်ကယ်တွေက လာလုပ်တယ်လို့ ကြားရတယ် ၊ နောက်ပြီး ဒေါ်တင်ထွေးအိမ်က ကလေးမ ၄ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ် ၊ အဲ့ဒီ အပြင်ကို မီးလောင်ပြင်မှာ ပိတ်မိပြီး ဒေါ်ခင်နှင်းအိမ်က အဖွားကြီးတွေဖြစ်တဲ့ ဒေါ်ခင်တိုးနဲ့ ဒေါ်ခင်ဝင်းတို့ ၂ ယောက်ဟာ မီးလောင်သေဆုံးခဲ့ကြတာ ၊ သေဆုံးသူ အမျိုးသမီး ၆ ယောက်လို့ ကနဦး ကြားထားရတာပဲ ” လို့ ဖြစ်ပါတယ်။
 
လူနေအိမ်တွေ မီးရှို့ခံရပြီး မိန်းကလေး ၄ ယောက်နဲ့ အဖွား ၂ ယောက် သေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ ကျွန်းတောကုန်း ကျေးရွာက ဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် ရွာခံလူတွေဟာ ပြေးလွှားတိမ်းရှောင်နေရတာမို့ ပြန်လည်ဖြေကြား ပြောဆိုဖို့ အခက်ခဲရှိတယ်လို့ သိရပါတယ် ။
 
အဲ့ဒါကြောင့် တန့်ဆည်မြို့ပေါ်မှာရောက်နေတဲ့ ကျွန်းတောကုန်းရွာခံ တ​ယောက်က
” ညကဖြစ်စဥ်ဟာ အတည်ပြုလို့ရတယ် ၊ ည ၁၀ နာရီကျော်လောက်မှာ ဆိုင်ကယ်တွေနဲ့ လူတွေ ရောက်လာပြီး အုပ်ကြီး ဦးငွေတိုက် အိမ်ဝိုင်းထဲကို ဝင်လုပ်ကြတာပါ ၊ အုပ်ကြီးကတော့ ထိခိုက်တာမရှိပေမယ့် အုပ်ကြီး မွေးချင်းတွေ လုပ်ကြံခံရတာ ” လို့ ပြောပါတယ်။
 
တန့်ဆည်မြို့နယ်မှာ နေအိမ်တွေ မီးရှို့တာနဲ့ မိသားစုလိုက် သတ်ဖြတ်ခံရတာ အခုနှစ် ဇူလိုင်ကနေ နိုဝင်ဘာ အထိ အိမ်ခြေ ၂၀ ကျော်နဲ့ သေဆုံးသူ ၃၀ ထက်မနည်း ရှိတယ်လို့ နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။
 
#voiceofmyanmar #VOM #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW