မုံရွာ – နောင်ကြီးအိုင် – ရွှေဘို ကားလမ်းမှာ မိုင်းတွေပေါက်ကွဲပြီး ကား ၂ စီးပျက်စီးသလို ဒဏ်ရာရသူတွေရှိ

ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နောင်ကြီးအိုင်ရွာနားက မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲတာတွေဖြစ်ပြီး သွားလာနေတဲ့ ကားတွေ မိုင်းစထိမှန် ပျက်စီးကာ ကားသမား တချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။
 
” မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်း မိုင်တိုင် အမှတ် ၃၈ မိုင် ၄ ဖာလုံ နေရာမှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့တာပါ ၊ ပေါက်ကွဲတဲ့ မိုင်းအရေအတွက်က ၁၀ လုံးကျော်တယ် ” လို့ မိုင်းပေါက်ကွဲတာကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကားသမား တယောက်က ပြောပါတယ်။
 
ဒါ့အပြင် မုံရွာမြို့က ၁၂ ဘီး ကုန်တင်ကား ၂ စီးဟာ မုံရွာမြို့ကနေ ဒီဇယ်ဆီ ပေပါတွေကိုတင်ဆောင်ပြီး ရွှေဘိုမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့အခါ လမ်းမှာ မိုင်းပေါက်ကွဲတာတွေနဲ့ ကြုံခဲ့ရလို့ ကားရဲ့ ရှေ့ဦးခေါင်းပိုင်းနဲ့ ကားရဲ့ ဘယ်ဘက်အခြမ်း ကိုယ်ထည်တွေ မိုင်းစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
” မိုင်းတွေက ဆက်တိုက်ပေါက်ကွဲတာပါ ၊ အဲ့ဒီလို မိုင်းတွေ ပေါက်ကွဲတာကြောင့် ၊ အသက် ၂၀ အရွယ် မုံရွာ ရတနာပုံရပ်ထဲက ယာဥ်နောက်လိုက် မောင်စွမ်းရည်ထက်ရဲ့ ခြေတဖက်နဲ့ ခေါင်းကို မိုင်းစထိတယ် ၊ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတယ် ” လို့ ကားသမား တစ်ယောက်က ပြောပါတယ် ။
 
နယ်ခံ လူမှုကူညီရေးကားတွေ မလိုက်ရဲတာကြောင့် မိုင်းစထိမှန်လို့ ဒဏ်ရာရတဲ့ ကားသမား လူနာကို ခရီးသွား ကားတွေအကူညီနဲ့ မုံရွာ ဆေးရုံဆီ ပို့ဆောင်ပေးလိုက်ရတယ်လို့ သိရပါတယ်။
 
“နိုဝင်ဘာ ၂၉ က စလို့ မုံရွာ အရာတော် ရွှေဘိုကားလမ်း ၊ မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်း ၊ စစ်ကိုင်း ဆားတောင် ရွှေဘို ကားလမ်းမှာ ကားတွေ လုံးဝသွားလာတာ မလုပ်ကြဖို့ ၊ အရာတော်တော်လှန်ရေးအဖွဲ့က တားခဲ့တာ ရှိတယ် ၊ ကားတွေ သွားလာလို့ ရတဲ့ လမ်းပြန်ပွင့်တဲ့အချိန်ကိုလည် သူတို့က ပြန်ပြီး ကြေညာပေးမယ်လို့ အင်တာနက်မှာ အသိပေးထားတာ ရှိတယ် ၊ မသွားဖို့ ကန်သတ်ထားတဲ့ ကာလမှာ သွားလို့ အခုလို ဖြစ်တာနေမှာ ” လို့ နောင်ကြီးအိုင်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နောင်ကြီးအိုင်ရွာ
ထဲမှာရှိတဲ့ နောင်ကြီးအိုင် ရဲစခန်းရှေ့ ဆိုင်းဘုတ်နားမှာ မိုင်းပေါက်ကွဲတဲ့အတွက် ဒုရဲအုပ် ၁ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မုံရွာ #ရွှေဘို
 
ပုံစာ ၊ မိုင်းစထိမှန် ပျက်စီးနေတဲ့ ကားတွေနဲ့ ဒဏ်ရာရတဲ့သူကို မြင်ရပုံ
 
ဓာတ်ပုံ ၊ ကားသမား တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW