ဘုန်းကြီးမောင်းတဲ့ ကားနဲ့တိုက်မိလို့ ၁၂ နှစ်အရွယ် မိန်းကလေးသေဆုံး

ဒီဇင်ဘာ ၂-၂၀၂၁
GH ( VOM )
 
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ဘုန်းကြီးမောင်းလာတဲ့ကားက စက်ဘီးစီးလာတဲ့ မိန်းကလေးကိုတိုက်မိပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းဆီကသိရပါတယ်။
 
ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၂ နာရီခွဲကျော်ခန့်က သံဖြူဇရပ်မြို့ ၊ ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်က စက်ဘီးနဲ့ လမ်းကြားကနေအထွက် တဖက်လမ်းဘက်ကို လမ်းဖြတ်ကူးချိန် ဘုန်းကြီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ စက်ဘီးကိုတိုက်မိတာကြောင့် ဦးခေါင်းကြေဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
 
” ၁၂ နာရီ ၄၅ လောက်ကဖြစ်တာပေါ့။ကလေးမလေးက လမ်းကြားကနေ လမ်းဖြတ်ကူးတာ၊အဲ့ဒီနေရာက ကုန်းအစင်းလေးလည်းဖြစ်နေတယ်၊ အဲ့ဒီမှာ ဆရာတော်မောင်းလာတဲ့ကားနဲ့ တိုက်မိတာ၊ဆရာတော်ကားကတော့ လမ်းမှန်လာနေတာ။ ကလေးက လမ်းဖြတ်ကူးတော့ အရှိန်မထိန်းနိုင်တော့ တိုက်မိသွားတဲ့သဘောလို့သိရတယ်။ ဆရာတော်ကတော့ အစည်းအဝေးတစ်ခုတက်ဖို့လာတယ်လို့သိရတယ်။ ကျနော်တို့ရောက်တော့ ကလေးလေးက အသက်မရှိတော့ဘူး “လို့ စေတနာရှင်လှုမှုကယ်ဆယ်ရေးအသင်းသားတဦးကပြောပါတယ်။
 
ကလေးငယ်ရဲ့ရုပ်အလောင်းကိုတော့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး၊ ဘုန်းကြီးကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
 
သေဆုံးသွားတဲ့ အသက် ၁၂ နှစ်အရွယ်မိန်းကလေးဟာ သံဖြူဇရပ်မြို့ ၊ ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ကျောင်းသူတဦးဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #သံဖြူဇရပ် #ဘုန်းကြီးကားတိုက် #မိန်းကလေးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW