ကောလင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုရဲအုပ် ၂ ဦး အပါအဝင် လူ ၃ ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၄-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ ၊ မြို့မ မြို့ကုန်းရပ်ကွက်ထဲက အ.လ.ကကျောင်းနားမှာ မနေ့ ဒီဇင်ဘာ ၃ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် ၂ ဦး အပါအဝင် လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းမြို့ခံတွေဆီက သိရပါတယ်။
 
” အဝေးထိန်း မိုင်းဖြစ်နိုင်တယ် ၊ ပေါက်ကွဲအားပြင်းတယ် ၊ လူ ၃ ယောက် ဒဏ်ရာရလို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားတာ ” လို့ မြို့ကုန်းရပ်ကွက်ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ကောလင်းခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” အဲ့ဒီ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် ကျော်နိုင်စိုး ၊ ဒုရဲအုပ် ရဲမင်းထွန်း နဲ့ အ.လ.က ကျောင်းစောင့် ဦးဝင်းမြင့်တို့ မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရခဲ့တာ “လို့ ပြောပါတယ်။
 
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း မြို့ပေါ်မှာ လုံခြုံရေး တင်းကြပ်ထားတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ စျေးသည်တချို့နဲ့ စျေးဝယ်တချို့ဟာ အချိန်နောက်ကျပြီးမှ စျေးထွက်ခဲ့ရတယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် ရဲနဲ့ စစ်တပ်က ဗိုလ်မှူး ၊ ဗိုလ်ကြီး တချို့ မိုင်းစထိမှန် သေဆုံးတာနဲ့ ဒဏ်ရာပြင်းထန်ရတာတွေရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ် မှာ မိုင်းရှင်းလင်းရေး လုပ်နေတဲ့အချိန် ပေါက်ကွဲမှုဖြစ်တဲ့အတွက် မြို့နယ်ရဲမှူးနဲ့ စစ်တပ်က ဗိုလ်ကြီးတို့ ၂ ယောက်သေဆုံးပြီး ဗိုလ်မှူးကတော့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲကင်းစခန်းက ရဲ ၂ ယောက်ဟာလည်း အလားတူ မိုင်းရှင်းနေတဲ့အချိန် ပေါက်ကွဲလို့ ၁ ယောက်သေပြီး ကျန် ၁ ယောက် ညာခြေတောက် ဖြတ်တောက်ခဲ့ရပါသေးတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ရက်ပိုင်းအကွာ မြောင်မြို့နယ်၊ ပရိမ္မ-မြောင် ကားလမ်းအနီးမှာ မိုင်းရှင်းရင်း ပေါက်ကွဲလို့ ရဲအုပ် ၁ ယောက် နေရာမှာတင် သေဆုံးတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကောလင်း #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW