မြိုင်မြို့နယ်မှာ မနေ့က ၁ ရက်တည်းတင် လူ ၆ ဦးထက်မနည်းသတ်ခံရ

ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ မနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ၁ ရက်ထဲမှာ လူသတ်မှု ၄ ကြိမ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူ ၆ ​ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။
 
မြိုင်မြို့နယ်မှာ မနေ့က လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး နယ်ခံ ပရဟိတ စေတနာ့ ဝန်ထမ်း တယောက်ပြောတာက
 
” မနေ့က ညနေပိုင်းက စလို့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ ၊ အခု လတ်တလော ရရှိထားတဲ့ စာရင်းအရ မြို့စိုး (တောင်)ကျေးရွာက ၊ မြို့စိုး အမက ကျောင်းအုပ်ကြီး ဆရာ ဦးမြင့်ဇော် ၊သူ့မိန်းမ ရွာအုပ်ချုပ်ရေး စာရေးမ ဒေါ်အေးအေးနဲ့ သူ့တို့သမီး ကျောင်းဆရာမ မအေးသူဇာ တို့ မိသားစုလိုက် အသတ်ခံရတာ ၊ နောက်ပြီး ဘောင်ဘင်ရွာ အုပ်ချုပ်ရေးမှူး ညက အသတ်ခံရတယ် ၊ ဆင်စိန်ရွာက ဦးထွန်းရွှေလည်း အသတ်ခံရတယ် ၊ ဂွေးပင်တွင်းရွာက သတ်ခံရတဲ့ သူကိုတော့ အမည်အသက်တွေ အခုမေးနေတုန်း ” လို့ ပြောပါတယ်။
 
” အခု သေဆုံးသူတွေဟာ ပညာရေးဝန်ထမ်းတွေနဲ့ ရပ်ကျေး အုပ်ချုပ်ရေး ထွေ/ အုပ် ဝန်ထမ်းတွေ ဖြစ်ကြတယ် ၊ အသက် အိုးအိမ် လုံခြုံရေး အာမခံချက် အားနည်းတဲ့ကာလမှာ ရပ်တည်နေထိုင်မှု ပုံစံ လိမ္မာ ပါးနပ်ဖို့လိုတယ် ၊ လူနေမှု ဘဝပုံစံက တဆစ်ချိုးပြောင်းသွားတဲ့အခါ ရပ်တည်မှုပါ ရွေးချယ်စရာတွေ များလာတယ် ” လို့ ဒေသခံ နိုင်ငံရေးစိတ်ဝင်စားသူက ပြောပါတယ်။
 
မြိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ပခုက္ကူ ခရိုင်ရဲတပ်ဖွဲ့နဲ့ မြိုင်မြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အခုချိန် အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး ။
 
#voiceofmyanmar #VOM #မြိုင် #လူသတ်မှုများ

Related posts

Leave a Comment

VOM News

FREE
VIEW