စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း မိုင်းထိလို့ သေတဲ့ ရဲ ၄ ဦးထက်မနည်းရှိ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အခုလ ၁၅ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်းစထိမှန် သေဆုံးတဲ့ ရဲဝန်ထမ်း အရေအတွက်ဟာ ၄ ဦးထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအပြင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ရဲဝန်ထမ်းတွေလည်း ရှိတယ်လို့ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေက နယ်ခံလူ တချို့ရဲ့ အပြောအရ သိရပါတယ်။
 
” ဝန်းသိုမြို့မရဲစခန်းက စခန်းမှူးနဲ့အဖွဲ့ဟာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တဲ့နေရာကနေ အလောင်းကောက်ယူပြီး အပြန် လမ်းမှာ မိုင်းထိမှန်ခဲ့လို့ ဒုရဲမှူး ဟန်ဝင်းနဲ့ ရဲတပ်သား
မျိုးကျော်ထွန်း တို့ ၂ ​ယောက် စီးတဲ့ကားဟာ
ခတ်ချိုရွာနားမှာ မိုင်းထိတယ် ၊ ကားမီးလောင်တယ် ၊ အဲ့ဒီ ရဲ ၂ ယောက်လည်း မိုင်းစထိမှန် ဒဏ်ရာနဲ့ ဆေးရုံရောက်တော့ သေသွားတယ် ၊ မနေ့က မနက် ၁၀ နာရီလောက်မှာ ဖြစ်တာပါ ” လို့ ဝန်းသိုမြို့ခံ တစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် ” မနေ့က မနက် ၉ နာရီလောက်မှာ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ရှိမ္မကား နယ်မြေရဲစခန်းက ရဲတွေဟာ အမှတ် ၃ ခရိုင်ချိတ်ဆက်လမ်းဘက်မှာ ရှာဖွေစစ်ဆေးရေးတွေ လုပ်ဖို့အသွား အဲ့ဒီလမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ရှိမ္မကား နယ်မြေရဲစခန်းက ဒုရဲအုပ် အောင်ကိုကိုလွင်နဲ့ ရဲတပ်သား တက်တက်ဝင်းတို့ ၂ ယောက်ဟာ မိုင်းစထိမှန် ဦးခေါင်းပွင့်ပြီး နေရာမှာတင် သေဆုံးခဲ့တာ ” လို့ ရှိမ္မကားရွာခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒါကြောင့် မနေ့က တရက်တည်းမှာ ဝန်းသိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်မှာ ရဲအရာရှိ ၂ ယောက်နဲ့ ငယ်သား ၂ ယောက် သေဆုံးခဲ့ပြီး မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရတဲ့ တခြား ရဲဝန်ထမ်း တချို့လည်း ရှိသေးတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ မိုင်းစထိမှန် သေဆုံးရတဲ့ ရဲတွေနဲ့ ပတ်သက်လို့ မုံရွာမြို့ခံ တစ်ယောက် ပြောတာက
 
” ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စစ်ကိုင်းခရိုင် မြောင်မြို့နယ်မှာ ရဲအုပ် ဇော်ဇော်မိုး ၊ မုံရွာခရိုင် ချောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းအောင် ၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ရဲမှူး ၊ ယာယီ ရဲမှူး တင်မျိုးအောင် နဲ့ ရဲတပ်သား အောက်လက်ငယ်သား ၁ ဦး ၊ အခုလ ၁၄ ရက်ညက ရွှေဘိုခရိုင် တန့်ဆည် မြို့နယ် ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ် စိုးကျော်သူ နဲ့ ငယ်သား တစ်ယောက် ၊ အခုလ ၁၅ ရက် မနေ့က ၊ ကောလင်းခရိုင် ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူး ဟန်ဝင်းနဲ့ ငယ်သား တစ်ယောက်၊ နောက်ပြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က ဒုရဲအုပ် အောင်ကိုကိုလွင်နဲ့ ငယ်သား တစ်ယောက် ၊ အားလုံး ရဲမှူး ၊ ယာယီ ရဲမှူး ၊ ဒုရဲမှူး နဲ့ ရဲအုပ် ၊ ဒုရဲအုပ် အပါအဝင် ရဲအရာရှိ ၆ ဦး ၊ ငယ်သား ၄ ဦးဟာ မိုင်းစထိမှန် သေဆုံးခဲ့အပြင် ထိခိုက်ဒဏ်ရာရ ရဲတချို့လည်း ရှိနေတာ ” လို့ လည်း သိသမျှကိုပြောပါတယ်။
 
အခုလ ၁၄ ရက်နဲ့ ၁၅ ရက် ၊ ၂ ရက်ဆက်တိုက်မှာ တန့်ဆည်နယ်မှာ ရဲအရာရှိ ၁ ဦးနဲ့ ငယ်သား ၁ ဦး ၊ ဝန်းသိုနယ်မှာ ရဲအရာရှိ ၁ ဦးနဲ့ ငယ်သား ၁ ဦး ၊ ဝက်လက်နယ်မှာ ရဲအရာရှိ ၁ ဦးနဲ့ ငယ်သား ၁ ဦး အားလုံးပေါင်း ဒုရဲမှူး ၁ ဦးအပါအဝင် ရဲအရာရှိ ၃ ဦးနဲ့ ငယ်သား ၃ ဦး တို့ဟာ မိုင်းစထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီ မိုင်းစထိမှန် သေဆုံးခဲ့ရတဲ့ ရဲဝန်ထမ်းတွေဟာ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ် ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်နဲ့ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် စတဲ့ ခရိုင် ၄ ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။
 
” ဖောက်ခွဲရေးသုံး မိုင်းလက်နက်ဆိုတာ ဆရာ မရှိဘူး ၊ တိုက်မိုင်း ၊ ဆွဲမိုင်း ၊ ရှော့ခ်မိုင်း ၊ ရီမုမိုင်းနဲ့ အဝေးထိန်းမိုင်းတွေ အပြင် အခြားနည်းလမ်းသုံး မိုင်းတွေရှိတယ် ၊ မိုင်း အားလုံးက လူ့အသက်ကိုသေစေနိုင်တယ် ၊ မိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ အခြေခံ မိုင်းအန္တရာယ် သဘောတရားတွေ လေ့ကျက်မိဖို့လိုတယ် ၊ အဲ့လိုမှ မဟုတ်ရင် ထိခိုက်ပျက်စီးတာနဲ့ လူအသေအပျောက် ပမာဏဟာ များလာနိုင်တယ် ” လို့ စစ်ရေးထိတွေ့မှုပိုင်းဆိုင်ရာ လေ့လာသူ ပညာရှင် တစ်ယောက်က ပြောပါသေးတယ်။
 
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းဟာ တခြားပြည်နယ်တိုင်းတွေထက် သတ်ဖြတ်ခံရမှု များနေတာကြောင့် ၂ ဖက်လုံး သေဆုံးမှုတွေ ရှိနေပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW