ကန်ပိုက်တီ(ကံပိုင်တည်) ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

ဒီဇင်ဘာ ၁၈-၂၀၂၁
Shy V(VOM)
 
၅ လ ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ (ကံပိုင်တည်) ကုန်သွယ်ရေးဂိတ်ကို မနေ့ ဒီဇင်ဘာ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကုန်သည်၊ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
 
“မနေ့က ဖွင့်လိုက်ပြီ။ လောလောဆယ်တော့ စမ်းပြီးတော့ဖွင့်တာ။ ၁ ရက် မှ အစီး ၃၀ ကန့်သတ်ထားတယ်။ ဘာမှ ခေါက်တို(ရှန်တိန်)ကား မလိုဘူး။ အဲဒီလိုပဲ ကားကို ပိုးသတ်ပြီးတော့ ကားချင်းပြောင်းလိုက်တာပဲ။ လုပ်တဲ့ စနစ်မိုက်တယ် တအား ကောင်းတယ်။” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ စမ်းသပ်ကာလဖြစ်ပြီး ပိုးတွေ့တာမရှိဘဲ ရောဂါပိုးကို ထိန်းနိုင်ရင် ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း နဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ် ဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ကြိုတင်စောင့်ဆိုင်းကာ ရက်ကြာ သောင်တင်နေတဲ့ ကားတွေလည်းရှိတယ်လို့ ငှက်ပျောယာဉ်မောင်း ၁ ဦးကပြောပါတယ်။
 
“ဖွင့်ပြီ။ မနေ့က ငှက်ပျောကား ၇ စီး ဝင်တယ် ထင်တယ်။ ဟိုဘက်က အထွက်မရှိဘူး။ တရုတ်ဘက်က ငှက်ပျောဂျက်ဖာလောက်ပဲ အဝင်ရှိမှာ။ ကျွန်တော်က အခုမှ ခြံထဲဝင်ရမှာ။ ကြိုပြီးတင်ထားတဲ့ ကား‌ကတော့ ကြာတာပေါ့။” လို့ သူက ပြောပါတယ်။
 
မြန်မာဘက်က လုပ်ငန်းရှင်တွေဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီ ခွင့်ပြုချက်အရင်တင်ရတာဖြစ်ပြီး ခွင့်ပြုတဲ့အတိုင်းသာ တရုတ်ဘက်ကို ပို့ကုန်တင်ပို့ရမှာ ဖြစ်ကြောင်း လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။
 
” မြန်မာဘက်က ယာဉ်မောင်း‌နဲ့ ယာဉ်နောက်လိုက်တွေကို ဝါရှောင်ဂိတ်နဲ့ ကန်ပိုက်တီ(ကံပိုင်တည်)ဂိတ်မှာ ၁ ကြိမ်စီ ကိုဗစ်-၁၉ ပိုး စစ်ဆေးမှာ၊ တရုတ်ဘက်ခြမ်းရောက်ရင် ယာဉ်မောင်း လဲလှယ် မောင်းနှင်ရတာ”လို့ သူက ပြောပါတယ်။
 
ငှက်ပျော လုပ်ငန်းရှင် ၁ ဦးကလည်း “နယ်စပ်ကုန်သွယ်ရေးစခန်းကျော်ရင် တရုတ်ဘက် ခေါက်တိုကားသမားတွေရှိတဲ့နေရာ ကားသွားအပ်ရမယ်။ ခေါက်တိုကားသမားတွေ မောင်းပြီး တရုတ်ထဲ ဝင်၊ ကုန်တွေချပြီးရင် ကားအလွတ်ကို ယူလာ၊ မြန်မာဘက်က ကားသမားတွေဆီ ကားပြန်အပ်။ အဲဒီလို။ မြန်မာကားသမားတွေကတော့ တရုတ်ထဲ မဝင်ရဘူး” လို့ ပြောပါတယ်။
 
လတ်တလော ကန်ပိုက်တီ (ကံပိုင်တည်) နှစ်နိုင်ငံနယ်စပ်ကုန်သွယ်‌ရာဂိတ်ကို စမ်းသပ်ကာလအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင်‌တွေ ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာဘက်ခြမ်းက တစ်သျှူးငှက်ပျောကို အဓိကတင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။
 
ငှက်ပျောသီးထည့်တဲ့ ဂျက်ဖာတွေအပါအဝင် လူသုံးကုန်နဲ့ စားသုံးကုန်‌တွေ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ၊ စိုက်ပျိုးရေးပစ္စည်းတွေကို တင်သွင်းဖို့နဲ့ မြန်မာဘက်က ကုန်ကား ၅၀၀ ခန့် ကုန်သွယ်‌ဖို့ ကနဦး သဘောတူထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။
 
ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေကြောင့် ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဇူလိုင်လ ၁၁ ရက်နေ့က စတင်ပိတ်သိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။
 
Photo-ကုန်သည်၊ ယာဉ်မောင်းများ
#voiceofmyanmar #VOM #ကန်ပိုင်တည် #ကုန်သွယ်ရေးဂိတ် #ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW