စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပုဒ်မ-၅၀၅ ခ နဲ့ ထောင် ၂ နှစ်ချမှတ်ခံရ

ဒီဇင်ဘာ ၊ ၂၀ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အထူးတရားခွင်ကနေ အရင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကို ဒီကနေ့ နေလယ်ပိုင်းမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” တိုင်း အစိုးရအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် ကို ပုဒ်မ ၅၀၅ ခ နဲ့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်တယ် ၊ ချုပ်ရက်ထုတ်နုတ်ခံစားခွင့် ပါတယ် ” လို့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
 
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်နဲ့ ဆွေမျိုးတော်စပ်သူ တဦးက” ဆရာက ၈၈ နောက်ပိုင်းကလည်း ထောင်ဒဏ် နှစ်ရှည် ကျခံရဖူးတယ် ၊ အဲ့ဒီတုန်းက အသက်အရွယ် ငယ်သေးလို့ အကြောင်းမဆန်းခဲ့ပေမယ့် ၊ အခုတကြိမ်မှာတော့ နှလုံးရောဂါအခံရှိတာရော အသက်ကြီးတာရော ဆိုတော့ ဆရာ့အတွက် စိတ်ပူမိတယ် “လို့ ပြောပါတယ်။
 
အထူးတရားခွင်ကနေ ဒီကနေ့ ချမှတ်လိုက်တဲ့အမိန့်ဟာ ပုဒ်မ ၅၀၅ ခ တမှုထဲအတွက်ဖြစ်ပြီး ဆက်လက်ပြီး အမှုရင်ဆိုင်ဖို့ အခြား ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာတွေ ကျန်ရှိနေသေးတယ်လို့ တရားရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
 
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နဲ့ တိုင်းဥပဒေချုပ် ဦးခင်မောင်လှတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှာ တိုင်းအစိုးရဝန်းထဲက ဝန်ကြီးများ အိမ်ယာအတွင်းက နေအိမ်မှာ အကျယ်ချုပ်စတင်ကျခံခဲ့ရပြီး ၊ အဲ့ဒီကနေတဆင့် မုံရွာအကျဥ်းထောင်ကို ပြောင်းရွေ့ ချုပ်နှောင်ခံရကာ ဒီကနေ့မှာ ထောင် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်း #ဝန်ကြီးချုပ် #ဒေါက်တာမြင့်နိုင် #၅၀၅ခနဲ့ #ထောင်ဒဏ်နှစ်နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW