ရွှေလီက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အကြောင်းပြချက်မသိဘဲ ညအချိန်မတော် ပြန်ပို့ခံရ

ဒီဇင်ဘာ ၂၀- ၂၀၂၁
Shy V(VOM)
 
တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင် ရောက်ရှိနေထိုင်နေကြတဲ့ လက်ကျန် မြန်မာရွှေ့ပြောင်းလုပ်သား တွေကို မနေ့ ဒီဇင်ဘာ ၁၉ရက် ည အချိန်မတော် မြန်မာဘက် ခိုးပေါက်ကနေ ပြန်ပို့ခံရနေကြရတယ်လို့ တရုတ်ဘက်ခြမ်း ရွှေလီမြို့ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
 
” ဒီဇင်ဘာ ၁၉ ရက်နေ့ ညက အချိန် မတော် တရုတ်အချိန် ည ၁၁ နာရီခွဲ၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်မှာ တရုတ် အစိုးရဖက်က မြန်မာနိုင်ငံပြန်ဖို့ညွှန်ကြားလာတယ်၊ မြန်မာနိုင်ငံသားတွေ စုနေတဲ့ နေရာတွေမှာ ရဲလာခေါ်ပြီး ညတွင်းချင်းစစ်၊ ညတွင်းချင်း အထုပ်အပိုးပြင်ခိုင်းပြီး မြန်မာဘက် ပို့ဆောင်နေတယ်။ လမ်းတိုင်းမှာ စစ်နေတာ။ ရက်ချိန်း မပေးဘူး တခါတည်း ပြန်ခိုင်းတယ်။ ဘာကြောင့်ဆိုတာတော့ မသိရဘူး၊ ဂျယ်ကမ်းလမ်းဘက်က တရပ်ကွက်လုံး ညတွင်းချင်း ပြန်ခိုင်းတယ်။ ရပ်ကွက်လူကြီးတွေတောင် ဘာမှ မသိဘူးတဲ့။ သူတို့ပြောတာက အကုန်ပြန်ရမယ်တဲ့။ အနှေးနဲ့ အမြန်ပေါ့နော်။ ကျမ်းမျဥ်းကွမ်းချမ်းမှာလဲ ၁၀ ယောက် လောက် ကားပေါ်တင်သွားတယ်” ” လို့ ရွှေလီရောက် မြန်မာလုပ်သား ၁ ဦးက ပြောပါတယ်။
 
ထိုက်လီဂိုင်းမှာလည်း မနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက တွေ့သမျှ ဆိုင်ကယ်တွေရပ်ခိုင်းပြီး ပတ်စ်ပို့ ရှိ၊ မရှိ စစ်ဆေးမေးမြန်းကာ တရုတ်အချိန် ည ၁၀ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ပြောပြီး မလိုအပ်ပါက မြန်မာနိုင်ငံသားတွေ အပြင်လုံးဝ မထွက်ဖို့ ပြောတယ် လို့ သိရပါတယ်။
 
ဒီဇင်ဘာလ ၁၉ ရက်နေ့ကစ ၂၆ ရက်နေ့အထိ တရုတ် အချိန် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ဖို့၊ ၁၀ နာရီ နောက်ပိုင်း မြန်မာနိုင်ငံသားများကို လမ်းပေါ်တွေ့ရှိပါက အစစ်အဆေး အမေးအမြန်း မရှိ ဖမ်းဆီးမှာ ဖြစ်ကြောင်း အကြောင်းကြားစာကို လူမှုကွန်ယရက်မှာ သတင်းပျံ့နှံ့နေတယ်လို့ သိရပါတယ်။
 
“ကျနော်ကြားသိရသလောက်တော့ မြန်မာနိုင်ငံသားတွေကို အားလုံးပြန်ပို့ပေးမယ်။ လုံးဝ နေခွင့်မပေးတော့ဘူးလို့ကြားထားပါတယ်၊ ညတွင်းချင်း ပို့ဆောင်ခံရသူတွေဟာ အိတ်တလုံးစာသာ သယ်လို့ရတယ်၊ မူဆယ်နားက ပန်ခမ်းရွာအကျော် နမ့်ခို ရှမ်းရွာ ခိုးပေါက်ကနေ ပို့ဆောင်တာ များတယ်၊ ဘာကြောင့် အခုလို အရေးပေါ် အချိန်မတော် ပြန်လွှတ်တာကိုတော့ အသေးစိတ်မသိသေးဘူး”လို့ ပရဟိတလုပ်ကိုင်နေသူ တဦးက ပြောပါတယ်။
 
လက်တလော ရွှေလီ၊ ဝမ်တိန်မြို့တွေမှာ ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အများစုက ကျယ်ဂေါင်မှာ ၉ လခန့်ကြာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေ၊ ဝမ်တိန်မှာ ၅ လကြာ ပိတ်မိနေတဲ့ကုန် ပစ္စည်းတွေ အပြင်ထွက်လို့မရသေးတဲ့ မြန်မာနိုင်ငံသားပိုင် ကုန်တင်ကားတွေ စရိတ်ကုန်ခံ စောင့်ဆိုင်းနေထိုင်ကြရတာဖြစ်တယ်လို့ မြန်မာကုန်သည် လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။
 
တဖက်နိုင်ငံထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်ဂိတ်လုပ်ငန်းရှင်တွေ၊ ကုန်တင်ကားပိုင်ရှင်တွေ၊ ယာဉ် မောင်း / ယာဉ်နောက်လိုက်တွေရဲ့ ဒုက္ခ အခက်အခဲတွေကို သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေအနေနဲ့ ​ တတ်နိုင်သရွေ့ ညှိနှိုင်း ကူညီ ဖြေရှင်းပေးဖို့မေတ္တာရပ်ခံလိုကြောင်း တရုတ်ဘက်ရောက် မြန်မာနိုင်ငံသားတွေက ပြောပြချက်အရ သိရပါတယ်။
 
Photo – ရွှေလီရောက် မြန်မာနိုင်ငံသားများ
#voiceofmyanmar #VOM #ရွှေလီ #မြန်မာရွှေ့ပြောင်းလုပ်သား #အကြောင်းပြချက်မသိဘဲ #ပြန်ပို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW