သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားထားလို့ ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေမှာ စက်သုံးဆီနဲ့ ကုန်စည် လိုအပ်ချက်တွေဖြစ်ပေါ်နေ

ဒီဇင်ဘာ ၊ ၁၉ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ချင်းတွင်းမြစ်ဖျားပိုင်း ဒေသတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေဟာ အခုလ လဆန်းပိုင်းကစလို့ လုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေမှာ ကုန်စည်ပြတ်လပ်မှုနဲ့ စက်သုံးဆီ လိုအပ်ချက်တွေ နေ့စဥ်ကြုံတွေ့နေရတယ်လို့ အညာကုန်သည်ကြီးများထံက သိရပါတယ်။
 
” လက်တလော ကုန်စည်ဝင်ရောက်တာ မရှိသလောက်ဖြစ်နေပြီး စက်သုံးဆီ ပြတ်လပ်မှု ကြုံနေရတဲ့ နေရာတွေက ခန္တီး ၊ နန်စီပွန် ၊ ဟုမ္မလင်း ၊ နောင်ပိုအောင် ၊ နမ့်တော ၊ ဖောင်းပြင် ၊ လွင်ကြီး ၊ နတ်နန်း စတဲ့ဘက်တွေဖြစ်တယ် ၊ ရေလမ်းကြောင်းနဲ့ ကုန်းလမ်းကြောင်းဘက်တွေမှာ ကုန်စည်ဝင်ရောက်တာ မရှိဘူး ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားကြတဲ့အတွက် အခုလို ခက်ခဲနေတာပါ “လို့ ခန္တီးဒေသခံ ကုန်သည်တဦးက ပြောပါတယ်။
 
အဲ့ဒီဒေသတွေဘက်ကို မုံရွာကနေ ကုန်စည်ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းရှင်တယောက်က ” ရေလမ်းကြောင်းက ရေနည်းချိန်ဆိုတော့ ရေကြောင်းကြပ်တာလည်း ပါတယ် ၊ အရက် ၊ ဘီယာ ၊ စီးကရက်နဲ့ စက်သုံးဆီ စတဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အခက်အခဲလည်းရှိတယ် ၊ ကန့်သတ်ခံထားရတဲ့ အခြေအနေဆိုတော့ မသယ်ရဲတာလည်းပါတယ် ၊ ရေလမ်းမကောင်းလို့ ကုန်းလမ်းကနေ ပို့ဆောင်တဲ့အခါ လမ်းကြောင်း အခြေအနေကြည့်ပြီး ပို့ရတာဆိုတော့ လုပ်ငန်းမတွင်ဘူး ၊ အဲ့ဒါကြောင့် လုပ်ငန်းတချို့ နားထားကြတာ “လို့ ပြောပါတယ်။
 
အခုလ လဆန်းပိုင်းကစလို့ ခန္တီးနယ်မှာ စက်သုံးဆီ ဝင်ရောက်တာ မရှိတဲ့အတွက် မြို့မီးလင်းရေးလုပ်ငန်းတွေ အချိန်လျော့ချခံနေရတဲ့ အခြေအနေနဲ့ မြို့ခံတွေဟာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
” ခန္တီးမြို့မှာ လျှပ်စစ်ဓာတ်အားကို အချိန် အကန့်အသတ်နဲ့ သုံးစွဲနေရတယ် ၊ အင်ဂျင်မောင်း ဓာတ်အားထုတ်လုပ်စက်ဆိုတော့ စက်သုံးဆီ ဝင်ရင် ဝင်သလို ဓာတ်အားသုံးစွဲရပေမယ့် အခုဆိုရင် မနက်ကို ၇နာရီကနေ နေ့လယ် ၁၂ နာရီအထိပေးတယ်။ ညပိုင်းအတွက်က နေ့ခင်း ၂ နာရီကနေ ည ၁၁ နာရီအထိပဲ သုံးစွဲရတာ ” လို့ ခန္တီးမြို့ခံတယောက်က ပြောပါတယ်။
 
ချင်းတွင်းမြစ်ဖျားပိုင်းဒေသတွေကို ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ မြစ်ကြောင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခံရတာတွေရှိသလို ကုန်းလမ်းကြောင်းက ကုန်ကားတချို့လည်း မိုင်းစထိမှန်ပျက်စီးခဲ့တာတွေ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ချင်တွင်းမြစ်ကြောင်း #သယ်ယူပို့ဆောင်လုပ်ငန်း #စက်သုံးဆီ #ကုန်စည်လိုအပ်ချက်ဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW