ကြိုလှည့်ပါ့၊ ဆံကေသွယ်…

ဆူးငှက်

“လက်ရေတစ်ပြင်တည်း…
နှီးဒေါင်းလန်းကြီးတွေနဲ့
ဝိုင်းဖွဲ့ကာစားကြသည်။
မြမဒီခင်…
ခပ်ငယ်ငယ် တေးဆိုကြ၊ မြူးပျော်ကြ…”
နန်းတော်ရှေ့ဆရာတင်ရဲ့ ‘လက်ရေတပြင်တည်း’သီချင်းက အခုထိမရိုးနိုင်တဲ့ ခေတ်မီနေဆဲဖြစ်တယ်။

သီချင်းပါအကြောင်းအရာထက် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်… လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်…”ဆိုတဲ့ စာသားလေးဟာ ကျစ်လျစ်သိပ်သည်းမှုနဲ့အတူ ဒီကနေ့ ဒီတိုင်းပြည် ဒီလူမျိုးအနေနဲ့ အလိုအပ်ဆုံးအရာဖြစ်နေလို့ပါပဲ။ ဟုတ်ပါတယ်။ ညီညွတ်ရေး… အရေးတကြီးလိုတယ်။ အသက်ရှည်ရှည်နေထိုင်လုပ်ကိုင်ကြရမယ့် ကျန်းမာရေးတွေလည်း လိုအပ်တယ်။ အသက်ရှည်သည်နှင့်အမျှ တိုင်းရင်းသားပြည်သူအားလုံး(ဝါ)မြန်မာပြည်သားအားလုံး ချစ်ချစ်ကြည်ကြည် ခင်ခင်မင်မင်ရှိကြဖို့လည်း အများကြီးလိုအပ်တယ်။ တစ်ရေတည်းနေ တစ်မြေတည်းသောက်တွေချင်းမှာ အခွင့်အရေးတန်းတူရှိကြရမယ်။ ဘယ်သူကသာရမယ်၊ ဘယ်သူပိုနာရမယ် မရှိရဘူး။ ဒီ ဒေါင်းလန်းထဲက ထမင်းနဲ့ဟင်းဟာ အားလုံးနဲ့သက်ဆိုင်တယ်။

ဒီလို လူမှုစရိုက်မျိုးဟာ မြန်မာမှာ ဟိုရှေးအတီအတေကတည်းက သန္ဓေတည်ရှိခဲ့တယ်။ ပယောဂတွေ၊လက်နက်တွေ၊ အာဏာတွေကြောင့်သာ စိတ်ဝမ်းကွဲခဲ့ကြတာ…။ ဒါကြောင့် “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတစ်ပြင်တည်း၊ ရှေးကတော့ ပိုချစ်ကြတယ်”ဆိုတာ ခေတ်တိုင်းနဲ့ လူသားအားလုံးနဲ့ သက်ဆိုင်တယ်မဟုတ်လား…။

မန္တလေးသားမှန်ရင် ဒီ “လက်ရေတပြင်တည်း”သီချင်းကို သိရှိနှစ်သက်ကြသာချည်းပါပဲ။ နန်းတော်ရှေ့ဆရာတင်က ဒီသီချင်းကို လေဘာတီမမြရင်အတွက် ရေးစပ်ပေးခဲ့တာပါ။ လေဘာတီက မြို့မနဲ့ အငြိမ့်ညွန့်ပေါင်းမှာလည်း ဒီသီချင်းကို သီဆိုခဲ့ပါသတဲ့။ ကိုလိုနီခေတ်က သာစည်ဒိစတြိတ်ထဲမှာပါဝင်ပြီး အခု ဝမ်းတွင်းမြို့နယ်ထဲမှာတည်ရှိတဲ့ မမြရင်ရဲ့မွေးဇာတိ ရွှေဖလားကန်ရွာလေးကို သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်ကလည်း ရောက်ဖူးပါသတဲ့။ ရွာမှာ “ဆိုင်းငြိမ့်”(ဆိုင်းအဖွဲ့က အငြိမ့်ခန်းပါတဲ့အစီအစဉ်)အဖွဲ့က တောမင်းသမီးလေးမမြရင်ကို ဆရာတင်တွေ့သွားပြီးနောက်ပိုင်း မမြရင်က မန္တလေးတက်လာကာ နာမည်ကျော်မင်းသမီးကြီးဖြစ်သွားတဲ့အထိ ဆရာတင်က ဆရာလို၊ ဦးလေးလို စောင့်ရှောက်ခဲ့ပါသတဲ့။ ဒါကြောင့်လည်း မမြရင်တို့ ” ရွှေဖလားကန်”ရွာကို မမြရင်နဲ့အတူ ဆရာတင်လည်း မကြာခဏရောက်သလို မမြရင်မပါဘဲလည်း ဆရာတင်တစ်ယောက်တည်း ရောက်လာတတ်ပါသတဲ့။ ဒီတော့ နန်းတော်ရှေ့ဆရာတင်က မမြရင်ရဲ့ငယ်ဘဝကိုလည်း သိတယ်။ မမြရင်ရဲ့ဇာတိရွာနဲ့လည်း ကျွမ်းဝင်တယ်။ မမြရင်ရဲ့အမူအကျင့်စရိုက်ကိုလည်း ရင်းနှီးတယ်။

ဒါကြောင့်လည်း ” မြမဒီခင် ခပ်ငယ်ငယ်တေးဆိုကြ၊ မြူးပျော်ခဲ့ကြ”တဲ့။ ရွှေဖလားကန်ရွာနဲ့ ရွာဝန်းကျင်မြင်ကွင်းကို လက်ရေတပြင်တည်းသီချင်းမှာ ထည့်စပ်ခဲ့တာပါ။ မန္တလေးက ဘုရင့်နေပြည် ရွှေမြို့တော်ကြီးဖြစ်ပေမယ့် ရွှေဖလားကန်ရွာကတော့ ဝေးသီခေါင်(မန်းမြေ၊ မန်းရေနဲ့ဝေး)တဲ့ကျေးလက်မို့ အဲဒီခေတ်အခါအထိ ရွာမှာ ထမင်းစားကြရင် ” ဒေါင်းလန်း”နဲ့ပဲ စားကြတာပေါ့။

ဒီနေရာမှာ စကားစပ်လို့ တစ်နေ့မနေကပဲ ရုပ်မြင်သံကြားက ပုပ္ပားမှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်နဲ့ ပတ်သက်တဲ့အစီအစဉ်တစ်ခု ထုတ်လွှင့်တဲ့အခါ ဟင်းတွေပါတစ်ခါတည်းထည့်နိုင်တဲ့အကန့်တွေပါပြီး ထမင်းပါထည့်စားလို့ရတဲ့ “ယွန်း”ပန်းကန်ပြားကို ” ဒေါင်းလန်း”လို့ သုံးနှုန်းသွားတာ ကြားရပါတယ်။ မဟုတ်ဘူးထင်ပါရဲ့။ ဒေါင်းလန်းက လူငါးယောက်လောက် တစ်ခါတည်းဝိုင်းဖွဲ့ထိုင်စားလို့ရပြီး ဘာအကန့်မှမပါတဲ့ ယွန်းဗျပ်ကြီးပါ။ ထွာဆိုင်လောက်အမြင့်ရှိတဲ့ ပတ်ပတ်လည် ခွာဒေါက်တွေပါပါတယ်။ အဲဒီထဲ ထမင်းတွေရော၊ ဟင်းတွေရော၊ ဟင်းချို၊ ချဉ်ရေရော တစ်ခါတည်းပုံပြီး ထည့်ပြီးစားကြရတာ။ သူ့လက်ကဟင်းရည်လည်း ကိုယ့်ဖက်စီး၊ ကိုယ့်လက်နဲ့နယ်ဖတ်ထားတဲ့ဟင်းရည်လည်း သူ့ဖက်စီးပေါ့…။ အဲဒါ “လက်ရေတစ်ပြင်တည်း”ပါပဲ။

မမြရင်ရဲ့မွေးဇာတိ ရွာနီးဝန်းကျင်က ယာခင်း၊ ကိုင်းခင်းတွေ စည်းရိုးတွေ၊ စည်းရိုးကန်သင်းတွေမှာလည်း အလေ့ကျပေါက်တဲ့ဟင်းရွက်တွေကလည်းပါပါဘိသတဲ့…။ တောဓလေ့ တောစရိုက် ယာခင်း၊ ကိုင်းခင်းက အပြန် ခါးပုံထဲ စားကောင်းသမျှ ဟင်းရွက်ချဉ်ရွက်လေးတွေခူးလာပြီး စားခါနီးမှ ဖိုခနောက်ပေါ်က မြေအိုးထဲ ငါးပိလေးနည်းနည်းထည့်ပြီး ရောကျိုလိုက်တာပါ။
” တောရွာသူတို့ အိမ်မယ်မောင်ရယ်…
မြိန်ဖွယ်ပထမင်း
မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ်…
ဒေါင်းလန်းကြီးရဲ့အလယ်…”မှာ မိသားစု ဝိုင်းဖွဲ့ကြတယ်။
ဟင်းအနေနဲ့က…
“တံစို့ပေါ်မှာ ကင်တယ် ဆူရင်ခပ်ပြီး
ဟင်းရွက်ကန်စွန်းပေါင်းနဲ့
ရေအင်တုံဝယ်…
သောင်းပြောင်းရောလို့နယ်…”တဲ့…။ ပွတ်ပွက်ဆူဟင်းချိုရည်နဲ့ပေါ့…။ တံစို့ပေါ်မှာကင်ထားတဲ့ တစ်ခွက်တည်းသောအသားဟင်းက ဘာပါလိမ့်…။
ဟောဒီမှာ…
” ချောင်းပေါင်မှာ… ဖတ်လာရှာတဲ့…
ပဒက်ကလေး… နီကျင်ကျင်ရယ်…
နွယ်ကြိုးရှည်နဲ့သွယ်…”ပြီး ဖမ်းလာတဲ့ ပဒတ်ကို နနွင်းလေး၊ ဆားလေးနဲ့နယ်၊ တံစို့ထိုး၊ မီးကင်ထားလိုက်တာ အနံ့လေးသင်းလို့ မွှေးလို့…။
အဲဒီဟင်းတွေနဲ့ မိသားစုဒေါင်းလန်းကြီးတစ်ချပ်ဘေး ဝိုင်းဖွဲ့ထိုင်ကာ
လက်ရေတစ်ပြင်တည်း စားသောက်ကြရတဲ့ ငယ်ဘဝကို မမြရင်ကလွမ်းတာပါ။

ရတနာပုံရွှေမြို့တော်မှာ စားပွဲနဲ့ ကုလားထိုင်နဲ့၊ တိုက်ပန်းကန်ပြားနဲ့ အလယ်တည် ပန်းကန်လုံးနဲ့ ဟင်းမယ် ဖွယ်ဖွယ်ရာရာ၊ ဇွန်းခရင်းကိုင်ပြီး ဟန်လုပ်စားရတဲ့ဘဝ… မုန်းပါ့။
ဒါကြောင့်…
“ငယ်မူကို မဖျောက်နိုင်ဘူး
ပျော်လောက်ဖွယ်… မယ်ရင်… ရယ်
လွမ်းပါဘိတယ်။
ပျို့ဇာတိနွယ်၊ ပျိုတို့ဇာတိနွယ်…”လို့ ဆရာတင်က မမြရင်ကို ကိုယ်ချင်းစာနာစွာ ရေးဖွဲ့ခဲ့တာပေါ့။

မမြရင်လေးအပေါ် ငယ်ကတည်းက သံယောဇဉ်ကြီးခဲ့သူဆိုတော့
နာမည်ကျော်အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ ဥစ္စာဓနကြွယ်ဝပြီး သြဇာအာဏာရှိ၊ လက်ညှိုးညွှန်ရာရဖြစ်နိုင်တဲ့ တစ်ဦးတစ်ယောက်က အပိုင်စီးပြီး ရွှေလှောင်ချိုင့်ထဲထည့်ခံထားရတဲ့ မမြရင်လေးဘဝကို ဆရာတင်က စာနာသနားနေမှာပေါ့။

ဆရာတင်က ရွှေဖလားကန်ရွာလေးကို ရောက်ဖူးနေတော့ မမြရင်လေး လွမ်းနေလောက်တဲ့ ရွာကမြင်ကွင်းလေးကိုလည်း သေချာထည့်ပြီး အမှတ်ရစေပါသေးရဲ့။
“မိုး… တိမ်ယံကာကွယ်…၊ ယာလယ်ပြင်လမ်းမှာလေ
ထန်းပင်၊ ထန်းလက်… ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ်…၊ မြရင်တို့ရွာ…၊ ရိုးရာဇာတိနွယ်… သြော်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လည်ပါတယ်မောင်ရယ်…”တဲ့လေ…။
ဟုတ်မှာပေါ့။ မမြရင်ငယ်ငယ်က “လမ်းမျက်စိ လည်လောက်အောင် ထန်းတောကြီးက အုပ်ဆိုင်း မှိုင်းညှို့နေမှတော့…။

မမြရင်မွေးပြီး နှစ်ပေါင်း ၁၀၀ပြည့်ချိန် ရွှေဖလားကန်ရွာကို ကျွန်တော်တို့ရောက်သွားချိန်မှာတောင် လက်ကျန် ထန်းတောအစွန်းအစကိုတွေ့ခဲ့သေးတာပဲ။ အဲဒီလက်ကျန်ထန်းတောက ထန်းပင်တွေကြားမှာ မမြရင် လှူဒါန်းရေစက်ချခဲ့တဲ့ ဇရပ်လေးလည်း ကျန်ကောင်းကျန်ရာ ကျန်နေသေးတယ်။

ဒီသီချင်းမှာ ဦးလေးဆရာ၊ အစ်ကိုဆရာရင်ဖြစ်တဲ့ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို အကြောင်းသိမို့ ကလိလိုက်ပါသေးတယ်။ အခုလို လေဘာတီမမြရင်အနေနဲ့ နာမည်မကျော်ခင် ရွှေဖလားကန်ရွာက “ဆိုင်းငြိမ့်”မင်းသမီးလေး မမြရင်ဘဝမှာ လူငယ်သဘာ၀ တစ်ရွာတည်းနေ၊ တစ်ရွာတည်းသားနဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့ခဲ့ပါသတဲ့။ တစ်ရွာတည်းသားလေးက အဲဒီခေတ်ကို လူပျိုကာလသားတို့ထုံးစံ ဆံပင်ရှည်ရှည်သျှောင်တစောင်းနဲ့မို့ပါတဲ့…။

အခုတော့ မမြရင်က သဘင့်တက္ကသိုလ် ရတနာပုံမန္တလေးရွှေမြို့တော်ကြီးရောက်နေပြန်တော့ “ပုဝါပါးကို ကြက်သားထုပ်မိသလိုမို့… မြရင်တို့ရွာ… ရိုးရာဇာတိနွယ်၊ သြော်… လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှလည်ပါတယ်မောင်ရယ်… အစ်ကိုရဲ့ညိုနွဲ့ကြိုလှည့်ပါ့ ဆံကေသွယ်…”တဲ့လေ…။ “အစ်ကိုနဲ့… ညိုနွဲ့… ကြိုလှည့်ပါ… ဆံကေသွယ်”တဲ့လေး။ “… ကြိုလှည့်ပါ့၊ ဆံကေသွယ်”တဲ့။
တတ်နိုင်ပါပေ့…၊ ဆရာတင်ရယ်လေ…။ တကတည်း…။ ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW