မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်လို့လူ ၃ ဦးသေဆုံးကာ ၊ ၇ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ ဒီဇင်ဘာ၂၉ ရက် ၊ မနေ့က ည ၉ နာရီဝန်းကျင်က သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ မူဆယ်မြို့ခံတွေဆီက သိရပါတယ်။
 
” ပထမ ဖြစ်ပေါ်တာက မင်္ဂလာ မူဆယ် ၊ ပရိုက်တစ်ကွင်း အပေါ်က ရှင်းဂန့်ဘားမှာ ပစ်ခတ်တယ် ၊ ပစ်ခတ်တဲ့အဖွဲ့ထဲက လူ ၇ ယောက်ဝန်းကျင် အဖမ်းခံရတယ် ၊ ဒုတိယက 97 ဆပ်ပြာမှုန့် စက်ရုံဝန်းကျင်နားမှာပါ ၊ တတိယကတော့ ပန်ခမ်းတံတားဘက်မှာ ပစ်ခတ်ကြတာပါ ” လို့ မူဆယ်မြို့ခံ တစ်ယောက်ကပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုမှာ နယ်ခံ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ပန်ဆေး အဖွဲ့နဲ့ တာမိုးညဲ အဖွဲ့တို့ ပစ်ခတ်ကြတာဖြစ်ပြီး ၊ လူ ၃ ဦးသေဆုံးကာ ၊ ၇ ယောက်ထက်မနည်း အဖမ်းခံရတယ်လို့ မူဆယ်မြို့ခံတွေက ပြောဆိုကြပေမယ့် သီးခြား သတင်း အတည်ပြုချက် ရရှိနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးက ” ညက ပစ်ခတ်ထိတွေ့မှုဖြစ်တယ်ဆိုတာ ဟုတ်တယ် ၊ သေဆုံး ၊ ဒဏ်ရာရ တာတွေရှိတယ် ၊ မိတ်ဆွေအချင်းချင်း မှားယွင်း ပစ်ခတ်တာ ဖြစ်နိုင်တယ် ၊ မူဆယ်ဘက်မှာက အဲ့ဒီလို ဖြစ်ရပ်တွေ မကြာခဏ ဆိုသလို ဖြစ်တတ်တယ် ” လို့ ပြောပါတယ်။
 
မူဆယ်ဒေသဟာ မြန်မာ တရုတ် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမြို့တော်ဖြစ်ကာ စီးပွားရေး လုပ်ငန်းကိစ္စ အကြောင်းအရာတွေကို အခြေခံပြီး ပစ်ခတ်မှုတွေ ဖြစ်တတ်တဲ့ အလေ့အထရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မူဆယ#ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW