ကိုယ့်မြို့ ကိုယ့်သမိုင်း

———————————
ဆူးငှက်

၁၉၃၈ ခု ဒီဇင်ဘာ ၃၁ ရက် (၁၃၀၀ပြည့် ပြာသိုလဆန်း ၁၀) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ဗုဒ္ဓံသရဏံပန်းပွင့် နီရဲရဲများကြား ကျောင်းသားသမဂ္ဂ အစည်းအဝေးမှ ပြဋ္ဌာန်းခဲ့သော အမျိုးသားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ခံသောအားဖြင့် ၁၉၃၉ ခုနှစ်ဆန်း ဖေဖော်ဝါရီ ၉ ရက် (၁၃၀၀ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်)နေ့တွင် မန္တလေးမြို့ မဟာလောကရံသီ အိမ်တော်ရာစေတီတော် ပရိဝုဏ်အတွင်း (၁၄) ခန်းဇရပ်ကြီး၌ ရဟန်းရှင်လူ ကျောင်းသား မြို့လူထုပရိသတ်နှစ်သောင်းကျော်စုစည်းကာ နယ်ချဲ့အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည် တုံ့ပြန်ခဲ့ကြသည်။

၁၄ ခန်းဇရပ်ကြီး၌ နံနက် ၁၁ နာရီတွင် စတင်စုဝေးကြပြီး မွန်းလွဲ ၂ နာရီအချိန်၌ မြောက်ဘက် ၂၆ဘီလမ်းအတိုင်း အရှေ့ ပုလိပ်ရုံး (ယခုစည်ပင်သာယာရုံး) သို့ ဦးတည်ခဲ့ရာ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁) တွင် တစ်ကြိမ်၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် (ယခုဟာင်ကောင်စတိုး)ရှေ့တွင် တစ်ကြိမ်၊ ကြေးနန်းရုံး (ယခု
ဆက်သွယ်ရေးရုံး) တောင်ဘက်တွင် တစ်ကြိမ် အင်္ဂလိပ်စစ်ပုလိပ်က ပစ်ခဲ့ခတ်ခဲ့သည်။

ထိုစဉ်က အခြေအနေ အရပ်ရပ်၏ သတင်းဓာတ်ပုံများကား ကျွန်တော်တို့ငယ်စဉ် သတင်းစာအသီးသီး၌ မကြာခဏ ကြည့်ရှုခဲ့ရသည်။ အထူးသဖြင့် နာရီစင်နောက်ခံနှင့် သုံးရောင်ခြယ်အလံများ …။ မျှားနတ်မောင်ဟူသော ရုပ်ရှင်ပိုစတာ ချိတ်ဆွဲထားသော အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံရှေ့လမ်းမကြီးပေါ်မှ တုန်လှုပ်ဖွယ်မြင်ကွင်းများ …။
ကျွန်တော်တို့ သိမီသောအခါ ထိုနေရာတွင် ရုပ်ရှင်ရုံမရှိတော့။ သူ့နောက်ကျော ရွှေတိုက်ဝင်းထဲမှာပင် ရုပ်ရှင်ရုံမရှိတော့။ ပြိုကျနေသော ရွှေတိုက်ရုပ်ရှင်ရုံကိုတော့ မြင်ဖူးခဲ့သေးသည်။

၂၆ ဘီလမ်းပေါ်မှ သမိုင်းဝင်ဓာတ်ပုံများကို ထိုစဉ်ထိုကာလ သတင်းစာများ၌ အမှတ်တရ ပြန်လည်ဖော်ပြမှုမျိုးဖြင့် ကြည့်ရှုဖူးနေရာ မှ ၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်တိုင် ရာပြည့်ကွင်းကြီး၌ ၆ ရက် ၆ လီ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်၏ ဥက္ကဋ္ဌချုပ်ဆရာတော် ဦးဇောတိက (အဂ္ဂမဟာပဏ္ဍိတ)၏ ဈာပနပွဲတွင် ဓာတ်ပုံပန်းချီကားချပ်ကြီးများဖြင့် ခမ်းနားစွာပြသထားသည်ကို သေချာစေ့ငှစွာ ကြည်ရှုဖူးပြီး ရင်ထဲ၌ မှတ်မှတ်ထင်ထင် စွဲဝင်သွားခဲ့သည်။

တကယ်တော့ ဆရာတော် ဦးဇောတိကသည် စစ်မြေပြင် အကြိမ်ကြိမ်ဖြစ်ခဲ့ရသော မန္တလေးတွင် မြန်မာတို့၏ ဦးထိပ်ပန်ဆင်ရာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို စစ်ဘေး၊ မီးဘေး၊ လူသူဘေးမှ ကင်းဝေးလွတ်ငြိမ်းအောင် ရဟန်းပျိုများနှင့်အတူ စွမ်းစွမ်းတမံ ကာကွယ်
စောင့်ရှောက်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။ ထို့ပြင် အမျိုးဘာသာ သာသနာအတွက်ခတ်အဆက်ဆက်တွင် ပြည်သူလူထုကျောင်းသားများနှင့်အတူ ရဟန်းပျိုအဖွဲ့ကြီးက ရှေ့တန်းမှပါဝင်ကာ သက်စွန့်ကြိုးပမ်းခဲ့မှုများ၌လည်း ဦးဆောင်ပြုခဲ့သည့် ဆရာတော်ကြီးလည်းဖြစ်၏။

ထို့ကြောင့် ဆရာတော်၏ဈာပနတွင် ဘောသားကြာကလာပ်မီးလောင်တိုက်ကြီး၊ စဉ်ရှင်ကြီးပန်းပြာသာဒ်၊ သိုင်းပြာသာဒ်၊ လိုက်ပြသာဒ်၊ စံကျောင်းမဏ္ဍပ်ကြီး၊ ဧည့်ခံမဏ္ဍပ်များနှင့်အတူ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်ပဒေသာကပွဲ၊ ရုပ်ရှင်ပွဲ၊ ပလေးဘွိုင်တီးဝိုင်း၊ မြန်မာ့လက်ဝှေ့ပွဲများ၊ ပခုက္ကူမြို့မှ အတောင် ၂၀ကျာ်အမြင့်
သိုင်းပြာသာဒ်ကစားပွဲကြီးများနှင့်အတူ ဆရာတော်ကြီး၏ နိုင်ငံရေးကြိုးပမ်းမှုသမိုင်း ဓာတ်ပုံ
ပန်းချီကားကြီးများလည်း တခမ်းတနား ချိတ်ဆွဲပြသခဲ့ခြင်းဖြစ်သည်။

ကြေးနန်းရုံဆိုသော၊ ရွှေတိုက်ရုံဆိုသော အသုံးအနှုန်းလေးမှ စိတ်ဝင်စားစွာ လေ့လာလိုက်မိတော့ ၂၆ ဘီလမ်းမကြီးပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုး ဝင်းနေရာ (ယခု ဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟော်တယ်ဝင်း) ဘဏ် ၁နရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ္ပဏီနှင့် ကုန်တိုက်ကြီးများနေရာ၊ အဟူဂျာဓာတ်ပုံတိုက်နေရာ၊ တိုကီဝါဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး
ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အဝိန်ကိုး အချုံကိုး ကုမ္ပဏီနေရာများအထိ သိရှိတော့၏။ ဒါက စီးပွားရေးမျက်နှာစာ။

ထိုမှတဆင့် ဘာသာရေး နိုင်ငံရေး မျက်နှာစာ အနေနှင့်မူ အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံမှသည် ဆယ့်လေးခန်းဇရပ် အလယ် ရဟန်းပျိုအဖွဲ့ချုပ်အထိ သမိုင်းကြောင်းက ရှည်လျားသွားတော့သည်။ သို့သော် သမိုင်းကားမဆုံးသေး…။

၂၆ ဘီလမ်းကို ၁၃၀၀ပြည့် အရေးတော်ပုံကြီး ပြီးကတည်းက အာဇာနည်လမ်းဟု အမည်တွင်ခဲ့တာ
ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တော့။ ယခု ကွန်ကရစ်အထပ်မြင့်၊ အလျုမီနီယမ်နှင့် စတိန်းလက်စတီး၊ အလှဆင် ခေတ်မီ အဆောက်အဦးကြီးများကြားမှ တစ်ထပ်တိုက်သေးသေးလေးတစ်လုံးလည်း ထိုလမ်းမကြီးပေါ်မှာရှိသည်။ ထိုတိုက်လေး၏ နဖူးစည်းထိပ်မှာ ရွှေထီးတစ်လက်ပုံကို အင်္ဂတေသားဖြင့် ထွင်းထား၏။ မန္တလေးသားများက ရွှေထီးတိုက်ဟု ခေါ်ကြသည်။

၁၃၀၀ပြည့် အရေးတော်ပုံကာလက ထိုရွှေထီးတိုက်မှ ဦးဘအို -ဒါ်ခင်မျိုးတို့၏ သမီးများဖြစ်သောမသန်းရင်၊ မတင်လှနှင့် မမတို့က အပျိုပေါက်လေးများပေမင့် ဒဏ်ရာရ ရဟန်းသံဃာ၊ ကျောင်းသားနှင့် မြို့လူထုကို
စွမ်းစွမ်းတမံ အကူအညီပေးခဲ့ကြကြောင်း မန္တလေးသားတိုင်း၏ နှလုံးသားထဲတွင် အမှတ်ရခဲ့ဖူးသည်။

သာမန်တစ်ထပ် အုတ်တိုက် ကလေးကကော သူ့နောက်ပြောင်းပြန်လိုက်ကြည့်သောအခါ သမိုင်းတစ်ဆစ် တစ်ကွေ့က ပါ်လာပြန်၏။
မန္တလေးတွင် အဆောက်အဦးများနှင့် ယှဉ်ပြီး နေရပ်လိပ်စာကိုမှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ်နှင့် စကားမပြောကြ။ ယုတ်စွအဆုံး စာတိုက်မှလိပ်စာပေး၍ စာထည့်လျှင်ပင် အိမ်နံပါတ်၊ လမ်းနံပါတ် သုံးလေ့မရှိ။ ရပ်ကွက်ကြီးနာမည်ပြောမည်။ အနီးဆုံး အဆောက်အဦးကြီးအမည်ပြောမည်။

မန္တလေးမှာ အဆောက်အဦးများနှင့် ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ်တိုက်လို၊ မာရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်း ရှိမည်။ ဓမ္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိက အဆောက်အဦးတွေလည်း ရှိသည်။ တချို့ အဆောက်အဦးတွေက လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွေနှင့် ဆက်စပ်နေ၏။ အိမ်တော်ရာဘုရားဝင်းအတွင်းရှိ (၁၄)ခန်းဇရပ်ကြီး ဆိုလျှင် မြန်မာ့လွတ်လပ်ရးကြိုးပမ်းမှုအတွက်၊ ဘာသာသာသနာအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာ ရပ်မိရပ်ဖများ စုစည်းညီညွတ်ကြရာနရာဖြစ်သည်။ဟာ ဓမ္မဗိမာန်ဆိုပါတော့။

အနောက်ကျုံးလမ်းမှာ ရှိသော ဓမ္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့်ပတ်သက်၍ အာရုံစိုက်စရာကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာနေရာဖြစ်၏။ မန္တလေးစာပေမျိုးဆက်များကို လက်ဆင့်ကမ်း အမွေပေးခဲ့ရာ နေရာလည်းဖြစ်သည်။

ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီး ရှိခဲ့ဖူးသတဲ့။ လွတ်လပ်ရေးအတွက် နေသူရိန်ညီလာခံတွေ၊ ဒုတိယကမ္ဘာစစ်အပြီး လူငယ်များ ကာယဗလနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေ ကျင်းပခဲ့သည့်နေရာကြီးဖြစ်သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာတို့ … စသည့် သီချင်းများ မွေးဖွားခဲ့ရာ နေရာဖြစ်သည်။

မဟာမုနိဘုရားကြီးမြောက်မုခ် ဗိုလ်ဗထူးလမ်းပေါ် “မဟာမုနိဘုရားကြီးဗုဒ္ဓပြတိုက်” ဟူသော အဆောက်အဦးကား ယခုအထိ ရှိသေးသည်။ ဒီအဆောက်အဦးက နှယ်နှယ်ရရမဟုတ်။ ဖက်ဆစ်ဂျပန်ကို မတ်လ(၂၇)ရက်နေ့ထက်စောစီးစွာ မတ်လ (၈)ရက်ကတည်းက စစ်ကြေညာ တိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးဗထူး၏ အထက်မြန်မာပြည်စစ်ရုံးချုပ်၊ ရုံးစိုက်ခဲ့ရာ အဆောက်အဦးဖြစ်သည်။ ထိုအဆောက်အဦးပေါ်မှပင် ဗိုလ်မှူးဗထူးက စစ်မိန့်ကို လက်မှတ်ထိုးခဲ့သည်ဆို၏။
အဆောက်အဦးကျန်သလို သမိုင်းလည်း မမေ့မလျော့ ကျန်ရစ်စေချင်၏။ အဆောက်အဦးလည်းမကျန်
သမိုင်းလည်းမကျန်သည့်ကိန်း မကြုံစေချင်။ ပိုဆိုးတာက အဆောက်အဦဟောင်းနှင့် သမိုင်းအစစ်နေရာများတွင် အဆောက်အဦးသစ်နှင့် သမိုင်းအတုတွေ တွန်းထိုး နေရာယူမသွားဖို့ဖြစ်ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW