ကိယက်ဗ်မြို့ကို ချီတက်နေတဲ့ ရုရှားစစ်ယာဉ်တန်း မိုင် ၄၀ ထိရှည်လျား၊ တိုက်ပွဲများဆက်လက် ပြင်းထန်နေ

ကိယက်ဗ်၊ မတ်-၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနဲ့ ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေစတင်နေပေမယ့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

ရုရှားဘက်က ဒုံးပျံတွေနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့မှာ အရပ်သားဒါဇင်များစွာ သေဆုံးခဲ့ပြီး မြို့တော်ကိယက်ဗ်မှာလည်း လေကြောင်းသတိပေးချက်တွေ ဥသြသံတွေကြားနေရပါတယ်။

ရုရှားရဲ့တိုက်ခိုက်မှုတွေဟာ စစ်ရာဇ၀တ်မှုကျူးလွန်နေတာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး ချာနီဟစ်ဗ်မြို့မှာလည်း ရုရှားဘက်က တိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်ဆောင်နေပါတယ်။

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်မြို့တော်သို့ ဦးတည်ချီတက်နေတဲ့ ရုရှားစစ်ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ မိုင် ၄၀ ထိရှည်လျားတယ်လို့ အမေရိကန်ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ Maxar Technologies ကရရှိထားတဲ့ ဂြိုဟ်တုဓါတ်ပုံတွေမှာ ဖော်ပြထားပါတယ်။

ကိယက်ဗ်မြို့ကို ချီတက်နေတဲ့ အဲဒီရုရှားစစ်ယာဉ်တန်းဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ ၁၇ မိုင်သာရှည်လျားပေမယ့် နောက်ဆုံးရှိထားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ မိုင် ၄၀ ထိရှည်ထိရှိလာတယ်လို့ Maxar Technologies ကဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းနယ်စပ်မြောက်ဘက် မိုင် ၂၀ အကွာမှာရှိတဲ့ ဘီလာရုစ်တောင်ပိုင်းမှာလည်း ရုရှားမြေပြင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ ထပ်မံဖြန့်ကြက်ထားတာကိုလည်း Maxar Technologies ကဆက်လက်တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ငါးရက်မြောက်ရှိလာပြီး ယူကရိန်းရဲ့ ခုခံစစ်ကြောင့် ရုရှားတို့ရဲ့တိုက်ခိုက်မှုအရှိန် နှေးကွေးလာနေကာ အဓိကမြို့ကြီးသုံးမြို့ဟာ ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။

Ref: Reuters/ BBC
Photo: Reuters
#VoiceOfMyanamar #VOM #ကိယက်ဗ်မြို့ #ချီတက်နေတဲ့ရုရှားစစ်ယာဉ်တန်း #မိုင်၄၀ထိရှည်လျား#တိုက်ပွဲများဆက်လက်ပြင်းထန်နေ

Related posts

Leave a Comment

VOM News

FREE
VIEW