ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ဥရောပရှိအကြီးဆုံး နျူကလီးယားစက်ရုံ မီးလောင်

ကိယက်ဗ်၊ မတ်-၄-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားတပ်ဖွဲ့၀င်တွေရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းတောင်ပိုင်းရှိ နျူကလီးယားဓါတ်အားပေးစက်ရုံကြီးတစ်ရုံ မီးလောင်ကျွမ်းခဲ့ပြီး ရုရှားရဲ့လုပ်ရပ်ဟာ ဥရောပတိုက်ကြီးတခုလုံးကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
 
ရုရှားတပ်ဖွဲ့၀င်တွေရဲ့ တိုက်ခိုက်မှုပြုပြီးနောက်မှာ ဥရောပမှာအကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇာဇာဟီယာ နျူကလီးယားဓါတ်အားပေးစက်ရုံဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရုံဟာဘေးကင်းစိတ်ချရပြီး ဓါတ်ရောင်ခြည်အဆင့် ပုံမှန်ရှိနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
 
ဒီလုပ်ရပ်ဟာ မခြင်မဆင်တိုက်ခိုက်မှုဖြစ်ပြီး ဥရောပနိုင်ငံအားလုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လိုက်တာလို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။
 
အဲဒီနေရာ၀န်းကျင်းမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားကိုတိုက်တွန်းထားပြီး ကနေဒါ၀န်ကြီးချုပ် ထရူးဒေါကတော့ ရုရှားရဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။
 
ရုရှားဟာ နျူကလီးယားအကြမ်းဖက်မှုပုံစံမျိုးလုပ်နေပြီး ၁၉၈၆ ခုနှစ် ချာနိုဘိုင်းနျူကလီးယားမတော်တဆမှုလိုမျိုး ဖြစ်စေချင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲထားပြီး ဇာပိုရီဇာဇာဟီယာ နျူကလီးယားဓါတ်အားပေးစက်ရုံသာ ပေါက်ကွဲမှုဖြစ်ခဲ့မယ်ဆိုရင် ဥရောပရော အရာအားလုံးရော အဆုံးသတ်ပဲလို့ သူကဆိုပါတယ်။
 
လက်ရှိမှာတော့ နျူကလီးယားဓါတ်အားပေးစက်ရုံရဲ့ ဓါတ်ပေါင်းဖိုခြောက်လုံးအနက် တလုံးသာလည်ပတ်နိုင်တယ်လို့ စက်ရုံရှိအလုပ်သမားတွေက ပြောဆိုပါတယ်။
 
Ref: BBC
Photo:Reuters
#VoiceOfMyanmar #VOM #ရုရှားရဲ့တိုက်ခိုက်မှုကြောင့် #ဥရောပ #အကြီးဆုံးနျူကလီးယားစက်ရုံ #မီးလောင

Related posts

Leave a Comment

VOM News

FREE
VIEW