ဒဂုံဆိပ်ကမ်းမြို့နယ် မီးလောင်မှု အိမ်ခြေလေးဆယ်ခန့် မီးထဲပါသွား

မတ် ၅-၂၀၂၂
KK(VOM)
 
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်မှာ ဒီကနေ့ ညနေ ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄၀)ခန့် မီးထဲပါသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၀ ရပ်ကွက်ရှိ နေအိမ်တစ်လုံးကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ လေးဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
“ကျူးကျော်တဲမှာ ကလေးကို ထမင်းအိုးတည်ခိုင်းတာကနေ မီးလောင်တယ်လို့ ကြားတာပဲ၊ အိမ်ခြေလေးဆယ်လောက်ပါသွားတယ် “လို့ သူကပြောပါတယ်။
 
မီးလောင်မှုဖြစ်စဥ်ကို ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေသူများနှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၂၀ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၂၈ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကနေ သိရပါတယ်။
 
မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတဦးက “လက်တလော ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေတုန်းပါ၊ ပြောလို့မရသေးပါဘူး”လို့ ပြောပါတယ်။
 
ရန်ကုန်တိုင်းမှာ မတ်လ ၁ရက်ကနေ ၅ ရက်နေ့အတွင်း မြို့နယ် ၅ မြို့နယ်မှာ မီးလောင်မှု (၈)ကြိမ်ဖြစ်ခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ လှိုင်သာယာ၊ရွှေပြည်သာ၊ကမာရွတ်၊သင်္ဃကျွန်း နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ပဲ ဖြစ်ပါတယ်။
 
#VoiceOfMyanmar #VOM #ရန်ကုန် #မီးလောင်မှု #နေအိမ်၄၀မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW