ရွာလုံးကျွတ် မီးရှို့ခံရသူတွေအတွက် အကူအညီ အရေးတကြီး လိုအပ်နေ

မတ် ၅-၂၀၂၂
စိုးပိုင် (VOM)
 
စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ကျေးရွာတချို့ရှိခဲ့ပြီး အဲ့ဒီ မီးဘေးသင့် တောင်သူတွေရဲ့ ဘဝဟာ အခုထိ ပြန်လည် နလံမထူနိုင်ဖြစ်နေကြတယ်လို့ ဒေသခံ မီးဘေးသင့် တောင်သူတွေဆီက သိရပါတယ်။
 
” ပစ်ခတ်သံတွေကြားရပြီးနောက်ပိုင်း ၊ မီးလောင်မှုတွေ ဖြစ်ပေါ်လာတာပါ ၊ ပေါ့ဆမီးကြောင့် လောင်ကျွမ်းရတာမျိုး မဟုတ်ဘူး ၊ လောင်တိုက်သွင်းပြီး မီးရှို့ဖျက်ဆီးခံရတာ၊ ကူမယ့်ကယ်မယ့်သူ ၊ မီးငြိမ်းသတ်မယ့်သူ ဘာမှ မရှိဘူး ၊ အဝေးကနေကြည့်ပြီး ငိုနေခဲ့ရတာ ” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မီးဘေးသင့်ခဲ့ရတဲ့ ပုလဲမြို့နယ် ဇီးဖြူကုန်း ကျေးရွာဒေသခံ တောင်သူ တယောက်က ပြောပါတယ်။
 
အဲ့ဒီလို ကျေးရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး မုံရွာအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်နေတဲ့ အသိုင်းအဝိုင်းကတော့
” မတည်ငြိမ်မှုတွေဖြစ်ပေါ်ပြီး ၊ အဲ့ဒီ နောက်ဆက်တွဲ ရလာဒ်တခုအနေနဲ့ တောင်သူတွေရဲ့ ဘဝ ပြာကျခဲ့ရတာပါ ၊ ဘယ်သူတွေကပဲ ရှို့ရှို့ ၊ ရွာတွေကို မီးရှို့တဲ့နည်းလမ်းနဲ့ ပြသနာကို အဖြေရှာတာဟာ နည်းလမ်း အမှန် မဟုတ်ဘူးလို့ ယူဆမိတယ် ၊ အိုးအိမ်ပစ္စည်း ပစ္စယဆိုတာ သက္မဲ့ရုပ်ဝတ္ထုတွေပါ ၊ ပုဂ္ဂိုလ်ရေး ပြသနာတွေကို ပုဂ္ဂိုလ်ရေး နည်းလမ်းနဲ့ ဖြေရှင်းစေခြင်းတယ် ၊ မသက်ဆိုင်တဲ့သူတွေရဲ့ဘဝတွေ မနစ်နာစေခြင်ဘူး ” လို့ မှတ်ချက်ပြု ပြောပါတယ်။
 
အဲ့ဒီလို ရွာလုံကျွတ်နီးပါး မီးဘေးကျရောက်ခဲ့ရတာ ပုလဲမြို့နယ် တခုတည်း တော့ မဟုတ်ပါဘူး ၊အရာတော်၊ ခင်ဦးမ ၊ ရွှေဘို ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် ၊ မင်းကင်း၊ ကလေး ၊ ကနီ ၊ ယင်းမာပင် စတဲ့ မြို့နယ်တွေဘက်က ကျေးရွာတချို့မှာလည်း အလားတူ မီးရှို့ခံရတဲ့ ပြဿနာမျိုး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
” မိုးသီးနှံ စပါး ၊ နေကြာ ၊ နှမ်း နဲ့ ပဲတွေ မျိုးပါမကျန်အောင် မီးလောင်သွားတယ် ၊ ပစ်ခတ်သံတွေ စပြီးကြားရတဲ့အချိန်မှာ ဘေးလွတ်ရာကို မိသားစုလိုက် ကိုယ်လွတ်ရုန်းပြီး ပြေးကြရတာပါ ၊ ခါးဝတ် ခါးစားကလွဲလို့ ဘာတခုမှ မရလိုက်ဘူး ၊ အကုန် မီးထဲပါသွားတယ် ၊ မပြေးနိုင်တဲ့ သူတွေဆို မီးလောင်တိုက်ထဲမှာ သေကြရတာ ၊ အဲ့ဒီလို သေတဲ့သူ လေးဦးရှိတယ် ” လို့ ဒေသခံ မီးဘေးသင့် တောင်သူ တယောက်က ပြောပါတယ်။
 
အဲ့ဒီလို မီးရှို့ခံခဲ့ရတဲ့ ကျေးရွာပေါင်းဟာ စစ်ကိုင်းတိုင်းထဲမှာ ရွာပေါင်း ၃၀ ကျော်ရှိပြီး ၊ မီးဘေးသင့် တောင်သူ အရေအတွက်ဟာ ထောင်ဂဏန်းဝန်းကျင် အထိရှိတယ်လို့ အဲ့ဒီ မီးဘေးသင့်ရွာတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ လူမှုကူညီရေး အသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #မီးရှို့ခံရတဲ့ကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW