မှတ်ပုံတင်နဲ့သာ ခရီးသွားခွင့်ပြုမယ်ဆိုတဲ့ လဝကရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေဝေဖန်

မတ် ၆-၂၀၂၂
KK(VOM)
 
ထောက်ခံစာပြသပြီး ခရီးသွားလာခွင့်မပြုတော့ဘဲ မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင်ပြုတော့မယ်ဆိုတဲ့အမိန့်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မနေ့ မတ်လ (၅)ရက်ညပိုင်းက ထုတ်ပြန်အပြီးမှာ ပြည်သူလူထုကြား ဝေဖန်မှုတွေမြင့်တက်လာပါတယ်။
 
ဒီထုတ်ပြန်ချက်မှာ ” မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်”ဆိုတဲ့အမိန့်က လက်တလောအခြေအနေနဲ့ ဖြစ်နိူင်ချေမရှိဘူးလို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။
 
“ဘာကြောင့်လဲဆိုတော့ အဲ့ဒီထုတ်ပြန်ချက်ဟာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့ တစ်နည်းအားဖြင့်ပြောရရင် လူနဲ့မှတ်ပုံတင်တိုက်စစ်ဖို့လုပ်တဲ့ပုံစံပါပဲ၊ မှတ်ပုံတင်မရှိဘူး ထောက်ခံစာလုပ်ဖို့မလွယ်တဲ့သူတွေမှ အများကြီး၊ အခုထုတ်ပြန်ချက်က ပြောရရင် လူဖမ်းပွဲလုပ်မယ့် သဘောရှိတယ်လို့ “သူရဲ့အမြင်ကို သုံးသပ်ပြောပြပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အသက် (၁၆) နှစ်နဲ့အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၃ ရက်က စတင်ကာ ယခုနှစ် နိုဝင်ဘာ ၃ ရက် နေ့စဥ်ရက်ဆက် ဆောင်ရွက်ပေးနေမှာဖြစ်လို့ ထောက်ခံစာနဲ့ ခရီးသွားလာခွင့်ကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးပြုလုပ်ရာမှာ လုပ်တာထက်ပို၍ ကုန်ကျစရိတ်များပြီး တစ်ခါတစ်ရံ လနဲ့ချီကြာတာကြောင့် မှတ်ပုံတင်ပြန်လည်မပြုလုပ်သေးရသူများအပေါ် ဒီထုတ်ပြန်ချက်က အခက်အခဲဖြစ်စေတယ်လို့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်မှာဖြစ်တဲ့အတွက် မှတ်ပုံတင်ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေ သင်္ကြန်ပိတ်ရက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်မှာ သေချာတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
 
လှိုင်သာယာစက်မှုဇုန် အလုပ်သမားတဦးက “ညီမဆို အလုပ်သွားရင်း ခါးပိုက်နှိုက်ခံရတယ် မှတ်ပုံတင်ပါသွားတယ်၊ နေတာက စစ်တွေမှာ တစ်ခေါက်ပြန်ဖို့ လွယ်တာမဟုတ်ဘူး၊ အလုပ်ကလည်း ကြာပြီဆိုတော့ မှတ်ပုံတင်ပြန်မလုပ်ရသေးဘူး၊ မှတ်ပုံတင်ပြန်လုပ်ဖို့ အချိန်ပေးရမှာ သင်္ကြန် ၁၀ရက်ပိတ်မှ ပြန်လုပ်မယ်စဥ်းစားထားတယ်၊ ဒီအမိန့်က သင်္ကြန်စမှာဆိုတော့ ဘာလုပ်ရမှန်းမသိဘူး”လို့ ပြောပါတယ်။
 
မှတ်ပုံတင်ပျောက်ဆုံး/ပျက်စီးပြုလုပ်ရာမှာ လဝကရုံးမှာတင် လိုအပ်တာထက် ပိုမိုကြာမြင့်တာအပြင် အချို့လဝကရုံးတွေမှာ ငွေကြေးအဆမတန်တောင်းခံမှုတွေရှိတာကြောင့် အချို့သောမှတ်ပုံတင်ပျောက်ဆုံးသူတွေဟာ ပြန်မလုပ်နိူင်သေးဘူးလို့ လှည်းကူးမြို့နယ်မှာနေသူတဦးက ပြောပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန
က ဒီလိုစစ်ဆေးမှုတွေပြုလုပ်ရာမှာ နိုင်ငံသားကဒ်
(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနဲ့ ကဒ်အပိုထားရှိ ကိုင်ဆောင်ခြင်းများမှာလည်း တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
အဲ့ဒီအမိန့်ဟာ နအဖကောင်စီလက်ထက် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မြို့နယ်နဲ့ရပ်ကွက်တွေမှာ အိမ်ရှိလူကုန် မိသားစုဓာတ်ပုံများရိုက်ပြီး နေအိမ်မှာချိတ်ဆွဲခိုင်းကာ ဧည့်စာရင်းစစ်ဆေးပါက တိုက်ဆိုင်စစ်ဆေးတဲ့ ဖြစ်ရပ်မျိုးနဲ့ဆင်တူနေတယ်လို့ နဝတ၊နအဖလက်ထက်မှာ ဥက္ကဌလုပ်ခဲ့ဖူးသူတဦးကပြောပါတယ်။
 
#voiceofmyanmar #VOM #လဝကထုတ်ပြန်ချက် #ပြည်သူတွေဝေဖန်

Related posts

Leave a Comment

VOM News

FREE
VIEW