ကုသိုလ်ရှင် နည်းပါးလာတာကြောင့် မုံရွာမြို့ပေါ်က ဘုံဆွမ်းလောင်းအသင်းတွေ ပျောက်ကွယ်လုဖြစ်နေ

မတ် ၉-၂၀၂၂
​SP ၊ (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ အရင်က အရုဏ်ဆွမ်းလောင်းတဲ့ ဘုံဆွမ်းလောင်းအသင်းတွေ ၃၀ ကျော်ရှိတဲ့အနက် ပြီးခဲ့တဲ့နှစ် ဝါတွင်းကာလကစလို့ လုပ်အားဒါန ကုသိုလ်ရှင် နည်းပါးလာတာကြောင့် ဘုံဆွမ်းလောင်အဖွဲ့တွေ ပျောက်ကွယ်လုဖြစ်နေတယ်လို့ မုံရွာမြို့ခံ သံဃာ့ဝေယျဝစ္စ အကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။

” လပြည့် ဥပုသ်နေ့ ဆွမ်းလောင်း အသင်း ၊ တခါ ဥပုသ်နေ့တိုင်း အသင်းနဲ့ အာရုဏ်ဆွမ်း အမြဲတမ်း နေ့စဥ် ဘုံဆွမ်းလောင်းအသင်းတွေ ဆိုပြီးရှိတယ် ၊ ဘယ်ဆွမ်းလောင်းအသင်းပဲဖြစ်ဖြစ် လုပ်အားဒါန ကုသိုလ်ရှင်နဲ့ ဘုံဆွမ်းပစ္စည်း ကုသိုလ်ရှင်တွေ အဆင်ပြေမှ ဘုံဆွမ်းလောင်းအသင်းဆိုတာ ရေရှည်ရပ်တည်နိုင်မှာပါ ၊ အခုဟာက လုပ်အားဒါန ကုသိုလ်ရှင်တွေ အလွန်နည်းပါးလာတဲ့အတွက် ရပ်ထားရတဲ့ ဘုံဆွမ်းလောင်းအသင်းတွေ များလာတယ် “လို့ ဘုံဆွမ်းလောင်းမှာ ဝေယျဝစ္စ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

မုံရွာမြို့ခံ ဆရာတော် ဥူးသူရိယရာမ ကလည်း ” အရင်က အရုဏ်ဆွမ်း ဆွမ်းရပ်ဖို့ ပင့်ဖိတ်လျှောက်ထားတဲ့ ဘုံဆွမ်းလောင်း အသင်းတွေရှိတယ် ၊ တစ်နှစ်လောက်ရှိတော့မယ် ဆွမ်းရပ်လာဖို့ ပင့်ဖိတ်တာ မတွေ့ရတော့ဘူး ၊ ဘုံဆွမ်းအဖွဲ့တွေ သိသိသာသာနည်းသွားပြီ ” လို့ မိန့်ပါတယ်။

မုံရွာနယ်မှာ သာသနာရေးဌာန စာရင်းပေါက် ကျောင်းတိုက်ပေါင်း ၄ ရာ ဝန်းကျင်ရှိပြီး ဝါဆိုသံဃာ ကိန်းဂဏန်တွေအရ ရဟန်း ၃ သောင်းကျော်နဲ့ သာမဏေ ၁ သောင်းကျော် သီတင်းသုံး နေထိုင်ကြပြီး ကျောင်းတိုက်အများစုကတော့ ဆွမ်းကွမ်း ဝေယျဝစ္စကို ဘုံဆွမ်းလောင်းအသင်းတွေဆီက အဓိကထား ဆွမ်းရပ်ကြတယ်လို့ သိရပါတယ်။

အဲ့ဒီလို သံဃာတော်တွေ အဓိကထား ဆွမ်းရပ်ကြတဲ့ ဘုံးဆွမ်းလောင်းအသင်း ၊ အဖွဲ့တွေဟာ မုံရွာမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ကြီး ၃၁ ရပ်ကွက်မှာ ရပ်ကွက်တိုင်းလိုလို အရင်က ရှိခဲ့ပေမယ့် အခုနောက်ပိုင်း လုပ်အားဒါန ကုသိုလ်ရှင်တွေ နည်းပါးလာတာကြောင့် ဘုံဆွမ်းလောင်း အဖွဲ့တွေ အများစုက ရပ်နားထားကြတာဖြစ်တယ်လို့ သိရပါတယ်။

” မုံရွာမြို့ပေါ်မှာ ဘုံဆွမ်းကုသိုလ်ရှင်နဲ့ လုပ်အားဒါန ကုသိုလ်ရှင် အစဥ်အလာကြီးပြီး နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ချင်းတွင်း ဆန်လှူအသင်းနဲ့ ဘုံဆွမ်းလောင်း အသင်းကြီးတောင် အခု မရှိတော့ဘူးဆိုတော့ ကျန် ဘုံဆွမ်းအသင်း ငယ်လေးတွေအဖို့ ရေရှည်နိုင်ဖို့ အခက်အခဲတွေရှိတယ် ” လို့ မြို့ခံ သံဃာ့ဝေယျ ဝစ္စ အကျိုးဆောင်တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့မှာ ရှိနေသေးတဲ့ ဘုံဆွမ်းလောင်းအဖွဲ့တွေ ပျောက်ကွယ်သွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘုံဆွမ်းပစ္စည်း အလှူရှင်နဲ့ ဘုံဆွမ်း လုပ်အားဒါန ကုသိုလ်ရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပုံစာ ၊ အာရုဏ်ဆွမ်း ဘုံဆွမ်းလောင်နေပုံ ( ပုံဟောင်း)
#voiceofmyanmar #VOM #မုံရွာ #ဘုံဆွမ်းလောင်းအသင်း #ကုသိုလ်ရှင်နည်းပါး #ပျောက်ကွယ်လုဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW