ရန်ကုန်က မြို့နယ်အချို့မှာ မီးပျက်ပြီး ရေမရလို့ ဝယ်ယူ သုံးစွဲနေရ

မတ် ၁၁-၂၀၂၂
KK(VOM)
 
ရန်ကုန်က မြို့နယ်အချို့မှာ လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုကြောင့် ရေမရှိလို့ ရေကိုဝယ်ယူသုံးစွဲနေရတယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။
 
မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတ၊သင်္ဃန်းကျွန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ် နေထိုင်သူတွေဟာ လျှပ်စစ်မီးအချိန်ကြာပြတ်တောက်လို့ ရေတင်မရတာကြောင့် ရေကို ဝယ်ယူသုံးစွဲနေရတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
 
“ရေက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး မီးစက်နဲ့လိုက်မောင်းပေးတာ တစ်နာရီတစ်သောင်းပေးရတယ်၊ စျေးမစစ်နဲ့ သူထက်ငါ အလုအယက်ယူတဲ့သူတွေချည်းပဲ”လို့ သူကပြောပါတယ်။
 
အရှေဒဂုံမှာနေထိုင်သူတစ်ဦးကလည်း “ဒီဘက်မှာလည်း မီးအကုန်ပြတ်တာ၊ အခု ရေဝယ်သုံးတာ ရေတစ်စည်ကို၇၀၀၀ ပေးရတယ်၊ ဒီလိုပုံစံအတိုင်းဆက်သွားနေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်”လို့ ပြောပါတယ်။
 
ရန်ကုန်ရှိ မြို့နယ်အချို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေရေးစခန်းတွေက ရေကို ယူသုံးရပြီး ရေပေးဝေမှုမှာ အလှည့်ကျနဲ့ပေးတာကြောင့် အခုလိုအခက်အခဲဖြစ်ရတာလို့ တောင်ဒဂုံမြို့နယ်၊ လဂွန်းပြင်ရေပေးဝေရေးစခန်းက ရေယူသုံးနေသူတစ်ဦးက ပြောပါတယ်။
 
“မပေးတာမဟုတ်ဘူး ပေးတယ်၊ သူတို့ပေးတဲ့ အချိန် မီးပျက်နေတယ် မီးလာတော့ ရေပေးတာက အခြားရပ်ကွက်ကိုရောက်သွားရော “လို့ သူကပြောပါတယ်။
 
အခုလို မီးပြတ်၊ရေပြတ် ပြဿနာတွေကြောင့် ရန်ကုန်က မြို့နယ်အချို့ကို ပရဟိတလူမှုရေးအသင်းအဖွဲ့တွေက ရေရရှိရေးအတွက် လိုက်လံလှူဒါန်းတဲ့အချိန်မှာ ရေမျက်နှာနောက်ထားပြီး စက်သုံးဆီဖိုးတွေအတွက် အလှူခံတာလည်းရှိတယ်လို့ ရှင်သန်ရာလူမှုရေးပရဟိတအသင်းမှ ဥက္ကဌဦးထွန်းထွန်းဦးကပြောပါတယ်။
 
“ဆီကမြို့နယ်တွေကို ရေလှူတဲ့အခါမှာ အတော်ကုန်တယ်၊ အရင်အခြေအနေနဲ့ဆို အလှူမခံပါဘူး အခုက မသက်သာလို့ အလှူခံရတာ၊ သောက်သုံးရေလှူဒါန်းရာမှာ စက်သုံးဆီဖိုးပြန်လည်အလှူခံပေမယ့် မရှိနွမ်းပါးတဲ့ရပ်ကွက်တွေကို အခမဲ့လှူဒါန်းပေးတယ်”လို့ ဥက္ကဌဦးထွန်းထွန်းဦးကပြောပါတယ်။
 
ရှင်သန်ရာလှုမှုရေးအသင်းဟာ ပြီးခဲ့တဲ့ရက်တွေကရန်ကုန်တိုင်းက မြို့နယ်အချို့ဖြစ်တဲ့ လှိုင်သာယာ၊ဗိုလ်တထောင်၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာနဲ့မြောက်ဒဂုံမြို့နယ်တွေမှာသောက်သုံးရေဂါလံ ၂၅၀၀၀ ကျော်အားလှူဒါန်းခဲ့တာဖြစ်ပါတယ်။
 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ ဂျိုးဖြူရေပို့ပိုက်မကြီးနဲ့ ရေကူးရေတွန်း စက်ရုံကတစ်ဆင့် ရေပေးဝေတဲ့မြို့နယ်တွေကတော့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ရန်ကင်း၊ ဗဟန်း၊ ကမာရွတ်မြို့နယ်တို့ဖြစ်ပြီး ကုက္ကိုင်းရေလှောင်ကန်မှတစ်ဆင့် ရေ‌ပေးဝေလျက်ရှိတဲ့ မြို့နယ်တွေမှာ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်နှင့်လဂွန်းပြင်ရေပေးဝေရေးမှ ရေပေးဝေလျှက်ရှိတဲ့မြို့နယ်ကတော့ တောင်ဒဂုံမြို့နယ်ပဲဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #မီးပြတ်ရေပြတ် #ရေဝယ်သုံးနေရ

Related posts

Leave a Comment

VOM News

FREE
VIEW