အမေရိကန်-အာဆီယံ အစည်းအဝေးကျင်းပမယ့်အချိန် ညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် ထုတ်ပြန်

၀ါရှင်တန်၊ မတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် နေ့ရက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုနေကြောင်း အိမ်ဖြူတော်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးကို မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပဖို့ မူလကစီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ အာဆီယံခေါင်းဆောင်တွေအားလုံး တက်ရောက်နိုင်ခြင်း မရှိတာကြောင့် ဆွေးနွေးပွဲကို အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားက ယခုလအစောပိုင်းမှာ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ အာဆီယံခေါင်ဆောင်အားလုံး ပါ၀င်နိုင်စေဖို့အတွက် ဒီအစည်းအဝေးကျင်းပမယ့် သင့်တော်တဲ့ နေ့ရက်အချိန်ကို အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ်ဆွေးနွေးညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အာဆီယံနဲ့ထိတွေ့ဆက်ဆံရေးကို မြှင့်တင်တည်ဆောက်ဖို့ အမေရိကန်ရဲ့ အားထုတ်မှု တစိတ်တပိုင်းအဖြစ် ရှုမြင်နေကြပါတယ်။

အစည်းအဝေးကို ယခုနှစ်အစောပိုင်းကတည်းက ကျင်းပဖို့ ရည်မှန်းထားခဲ့ပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် ကြန့်ကြာခဲ့ပါတယ်။

ဒီအစည်းအဝေးဟာ အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ပြီး ထိပ်တန်းဦးစားပေးထားတဲ့ အစည်းအဝေးတစ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားသွား မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် ပဋိပက္ခတွေအဆုံးသတ်ရေးအတွက် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုကာ ယမန်နှစ်ကကျင်းပတဲ့ အာဆီယံအဖွဲ့ရဲ့ အဓိကအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့ပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW