ယူဘီအေ … ဗထူးမှသည်

ဆူးငှက်

မန္တလေးကို ၁၈၈၅ ခု နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းယူပြီးနောက် ၁၈၈၅ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကော်မရှင်နာမင်းကြီး မရူတာအားနဒ်က မြို့ပြအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းယူပြီး ဒဗြူတီကော်မရှင်နာ လက်အောက်တွင် ထားလိုက်သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အထက်မြန်မာပြည်သည် ဗြိတိသျှပိုင် နိင်ငံတစ်စိတ်တစ်ဒေသဖြစ်သည်ဟု ဘုရင်ခံချုပ်ကကြညာသည်။ ၁၈၈၇ ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကိုဖွဲ့ကာ မြို့ပြကိစ္စများဆောင်ရွက်သည်။ ၁၈၈၉ ခု မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ၃၈၆ မိုင်ရှည် မီးရထားလမ်းကို ဖောက်လုပ်ဖွင့်လှစ်ခဲ့သည်။

ဆိုလိုသည်က အင်္ဂလိပ်သိမ်းပိုက်ပြီးနောက် ဆက်တိုက်ဆိုသလို မြို့ပြဆိုင်ရာ အစီအမံများအားလုံး တစ်ခုပြီးတစ်ခု ဆက်တိုက်စီစဉ် အုပ်စီးလာသည်ကို ပြောလိုခြင်းဖြစ်၏။ အုပ်ချုပ်မှုယန္တယားကြီးအားလုံး ထိန်းချုပ်ပြီးပြီ။ ထိုယန္တယားကြီးလည်ပတ်မှုက မန္တလေးမြို့ပေါ်မှာ အထိုက်အလျောက်အဆင်ပြေနေပြီ။

ထိုစဉ် ထိုကာလ ၁၈၉၀ ဝန်းကျင်တွင် မန္တလေးနန်းမြို့ကြီး၏ တောင်ခြမ်း ကျွန်းလုံးယူတံခါးနှင့် ကျော်မိုးတံခါးကြား ပြအိုးမှတောင်ဘက် ၃ ပေအလွန်ရှိ ပတ်ကုန်းဝန်းကျင်ရပ်ကွက်ကြီးအတွင်း တစ်ပြပတ်လည် ကွက်လပ်ကြီးနေရာကို သွပ်များကာရံပြီး ခြံခတ်လိုက်သည်။ ထိုခြံတွင်းတွင် မန္တလေး၌ နေသားကျနေပြီဖြစ်သော အင်္ဂလိပ်စစ်တပ်များမှ စစ်သားများက ဘောလုံးကန်ကြသည်။ မန္တလေးမြို့လူထုက ထိုစဉ်မှပင် ဘောလုံးကစားခြင်းကို မြင်ဖူးကြ၏။

မန္တလေးတောင်ခြေတွင် တပ်စွဲထားသော ဂေါ်ရာတပ်က တပ်သားများက ထိုကွင်းထဲတွင် အချင်းချင်းလည်း ဘောလုံးကန်ကြသည်။ မေမြို့ (ပြင်ဦးလွင်)ရှိ သူတို့တပ်က တပ်သားများနှင့်လည်း အချိန်းအချက်လုပ်၍ ဘောလုံးကန်ကြသည်။ မြန်မာများကတော့ ဘောလုံးပွဲကို စိတ်မဝင်စားလှ။ ခြင်းခတ်ခြင်း၊ လက်ဝှေ့သတ်ခြင်း၊ အပြေးပြိုင်ခြင်းစသော ရိုးရာ ကစားနည်းများသာ
ကစားကြသည်။ မန္တလေးအရေးပိုင် မျက်နှာဖြူအရာရှိက သူတို့ ကစားနေသော ဘောလုံးကစားနည်းမှာ ရန်ကုန်တွင် နှစ်ပေါင်းများစွာစော၍ မြန်မာများကစားနေကြလေရာ မန္တလေးတွင်လည်း ထိုကဲ့သို့ မြန်မာများကိုယ်နှိုက်က ကိုယ့်ကိုပြန်လှန် ဆန့်ကျင်တော်လှန်လိုခြင်း စိတ်ကူးစိတ်သန်း မဖြစ်စေခြင်းငှာ ဘောလုံးကစားခြင်းကို စိတ်ပါဝင်စားကြဖို့ အရေးတကြီးလိုအပ်နေကြောင်း သဘောပေါက်ထားသည်။

ထို့ကြောင့် ရန်ကုန်တွင် ဘောလုံးကစားသားကျနေသောမြန်မာလူငယ်များကို မန္တလေးသို့ ခေါ်ယူဖို့စီစဉ်၏။ ရန်ကုန်စိန်ဂျွန်းကောလိပ်မှ ဘောလုံးကန်တော်သော ကျောင်းသားများကို မန္တလေးအရေးပိုင်က ခေါ်ယူလိုက်သည်။ ထိုကျောင်းသားများက ဘောလုံးကန်တော့ တော်ကြ၏။ စာကမတော်၊ သို့သော် ကိစ္စမရှိ၊ နှစ်ဦးလောက်သာ ခုနစ်တန်းအာင်ကြသူပါသော်လည်း အားလုံးကို မန္တလေးအရေးပိုင်ရုံးမှာ စာရေးအလုပ်များပေးပြီး မန္တလေးဘောလုံးကစားစေ တာ့သည်။

မြန်မာများကိုယ်တိုင် ဘောလုံးကစားကြသတဲ့ဆိုတော့ မြို့ခံမြန်မာများကလည်း စိတ်ဝင်စားကြသည်။ အရေးပိုင်ရုံးက မြန်မာအသင်းကို ဆီဗီလီယန်(အရပ်သားအသင်း)ဟု အမည်ပေးထား၏။ သို့သော် အရပ်သားက “ရုံးသင်း” ဟုပဲ ခေါ်ကြသည်။ “ရုံးသင်း” မှာ ပါဝင်ကစားကြသူများအနက် ငါးယောက်တန်းအလယ်လူက ကိုလှအောင် တဲ့။ သရဲဟု နာမည်ကြီးသည်။ နောက်တန်းနှစ်ယောက်မှာက ကိုဖိုးတုတ်ဆိုသူကလည်း အရပ် ၆ ပေကျော်သတဲ့။ နောက်တစ်ယောက်က ကိုကျော်စွာတဲ့။ အလယ်သုံးယောက်တန်းမှာ အာဠာဝကမောက်ကြီးဆိုသူကလည်းပါသည်။ ကိုကံလှိုင်ဆိုသော အရာရှိတစ်ဦးလည်းပါသည်။ ဂိုးသမားက အာစီဘာဘာတဲ့။ သူက ဂရန်ဝန်ထောက်။ အာစီဘာဘာ မရှိသည့်နောက် ဂိုးစောင့်သူက ကိုထွန်းရီတဲ့။ စိတ်မြန်ကိုယ်မြန် သတ္တိကောင်းသူဟု ဆိုသည်။

ထိုစဉ်က ဂိုးသမားများမှာ တစ်ဖက်ရှေ့တန်းလူကို ဒူးနှင့်ဝင်တိုက်၊ ခြေထောက်နှင့်ဝင်ဆောင့်၊ ဘောလုံး မလွှတ်ဘဲ လူကို လက်သီးနှင့် ဝင်ထိုးနိုင်သည်တဲ့။ နောက်တန်းလူများကလည်း ဘောလုံးကန်ဖို့ထက် လူချင်းပစ်တိုက်ဖို့၊ လူချဖို့၊ ခြေထောက်ပေါ် စုံဖိနင်းဖို့က အဓိကဖြစ်သည်။

“ရုံးသင်း” နှင့် “ဂေါ်ရာ” သင်းကန်ကြပြီဆိုလျှင် မြန်မာပရိသတ်က ရုံးသင်းကိုပဲ ဖိအားပေးသည်။ ကိုယ့်မြန်မာချင်းပဲ မဟုတ်ပါလား၊ ထို့ကြောင့် “ကျော်စွာ၊ သရဲ၊ဂေါ်ရာလှဲ” ဟုပင် ဓာတ်ရထားများမှာထိ ကြော်ငြာများ ချိတ်ဆွဲတွင်ကျယ်ခဲ့သည်။

ထိုစဉ်ထိုကာလခေတ်စားခဲ့သော ဒေါ်စိန်သုံကြီး အငြိမ့်မှ လူပြက်ကြီးဦးချစ်စရာကလည်း “ ရုံးဘက်က ကိုဘလတ်၊ စီဂေါ်ရာနှစ်ဦးကြား ဒူးဖျားနဲ့တိုက်လိုက်တာ၊ နဖူးနားက သွေးထွက်၊ လေးဘက်ကြီး ကုန်းအထတွင် ရုံးအသင်းက ဂိုးသွင်း …” စသည်ဖြင့် လင်္ကာရွတ်ခဲ့သည်ဟုလည်း ဆိုသည်။

ထိုစဉ်က နာမည်ကြီးသော အသင်းများမှာ ဆတ်ကျောင်းအသင်းနှင့် ဂျီကုမ္ပဏီအသင်းတို့လည်းဖြစ်သည်ဟု ဆိုသည်။ ပတ်ကုန်းဝန်းကျင်ရှိ ကွက်လပ်ကြီးအား သွပ်ပြားများကာရံပြီး ဘောလုံးကစားကြသည့်ကွင်းကို ထိုစဉ်က UBA ကွင်း အထက်မြန်မာနိုင်ငံအားကစား ကွင်းဟု ခေါ်တွင်ခဲ့သည်။ ၁၉၅၉ ခုနှစ်အိမ်စောင့်အစိုးရ လက်ထက်ရောက်သောအခါ ယူဘီအေ ကွင်းကို ဗထူးအားကစားပြိုင်ကွင်းဟု အမည်ပြောင်းလဲခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုမှည့်ခေါ်ထားသော အမည်ဖြစ်သည်။ ဥတ္တရတိုင်းမှူး
ဦးချစ်အုန်းက ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယူဘီအေကွင်းမှသည် ဗထူးအားကစားပြိုင်ကွင်းသို့ နာမည်ပြောင်းလဲသည့်တိုင် ဘောလုံးအားကစားသည် မန္တလေးသို့ နောက်ကျမှရောက်ခဲ့သည်ဆိုငြား အတော်ပင် တိုးတက်ဖြစ်ထွန်းခဲ့၏။ တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကာလတစ်လျှောက်လုံး မန္တလေးတိုင်း၏ အဆက်မပြတ်ဗိုလ်စွဲမှုက ထိုရေခံမြေခံ ကြောင်းခြင်းရာကို ထင်ရှားစေခဲ့သည်။

ဗထူးကွင်းကိုလည်း ယူဘီအေခေတ်က အနောက်ဘက်ခြမ်းတွင် မြင်ဘားတန်းဟုခေါ်သောနေရာ၌သာ သစ်သား ပွဲကြည့် စင်မြင့်ရှိခဲ့ရာမှ အုတ်ခုံနှင့်အမိုးနှင့်
ပွဲကြည့်စင်များတစ်ခုပြီးတစ်ခုတိုးခဲ့၏။ တောင်ဘက်တန်း၊ အရှေ့ဘက်တန်းနှင့် မြောက်ဘက်တန်းတို့တွင်လည်း သစ်သားပွဲကြည့်စင်မြင့်များ တိုးခဲ့သည်။ ညနေစောင်းသည်နှင့် ဘတ်စ်ကားလိုင်း အသီးသီးက လိုင်းဖြုတ်ကာ ဈေးချိုမှနေ၍ “ဘောပွဲကို ဘောပွဲကို” ဟု တကြော်ကြော် ဟစ်ရင်း အရပ် ရှစ်မျက်နှာမှ ဗထူးကွင်းဆီ ပရိသတ်အပြည့်ဖြင့် ဦးတည်လာကြသည်။ စက်ဘီးမြို့တော်မို့လည်း ဆင်ခြေဖုံး မှသည် မြို့တွင်း မြို့လယ် ရပ်ကွက်များဆီမှ ဘောလုံးပွဲလာပရိသတ်များ၏ စက်ဘီးအုပ်ကြီးက ဗထူးကွင်းနား ရောက်သည်နှင့် လမ်းလုံးပြည့်သွားတော့၏။

မန္တလေးမြို့၏ မြို့မျက်နှာဖုံးလည်းဖြစ်၊ ယူဘီအေခတ်မှသည် ဗထူးကွင်းခေတ်အထိ ဘောလုံးကွင်း ကြီးကြပ်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ မန်းညွန့်ဦးမောင်လေးက ၁၉၇၀ ဝန်းကျင် ကာလကတည်းကပင် “ဘောလုံး ကစားသူဦးရေ၊ ဘောလုံးပွဲကြည့် ပရိသတ်ဦးရေ အများကြီးတိုးပါတယ်။ ဒါကြောင့် အခုရှိတဲ့ ဗထူးအားကစားကွင်းဟာ ငယ်လွန်း ကျဉ်းလွန်းနေပါပြီ” ဟု သုံးသပ်ခဲ့၏။ ထိုစဉ်ကတည်းက သင့်တော်သောနေရာရွေးချယ်ကာ အနည်းဆုံး လူလေးသောင်း၊ ငါးသောင်းဆံ့ ကွင်းမျိုးတည်ဆောက်သင့်နေပါပြီ။ ဒါတောင် နောက် အနှစ် ၃၀လာက်ကြာရင် အဲဒီကွင်းက ကျဉ်းသွားဦးမှာပါဟု ထိုစဉ်ကတည်းက ပြောဆိုဖူး၏။

တကယ်တော့ ဗထူးကွင်းကို ၁၉၆၄ ဝန်းကျင် ကျောင်းသားပွဲတော် ကျင်းပစဉ်ကာလက ပွဲကြည့်စင်များပြင်ဆင်ခဲ့ဖူးသည်။ ထို့နောက် ၁၉၇၂ ဝန်းကျင်တွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများ မန္တလေးတွင် စတင်ကျင်းပတော့လည်း ပွဲကြည့်စင်များ ထပ်မံတိုးချဲ့ခဲ့၏။ မြောက်ဘက်ရှိ ၂၉ လမ်းဘက်ခြမ်းကိုလည်း ထပ်မံတိုးချဲ့ကာ ပွဲကြည့်စင်များ အသစ်ဆောက်လုပ်ခဲ့ပြန်သည်။ ထို့နောက် အထွေထွေ မြို့ပြစီမံကိန်းများကြောင့် ဒုတိယတန်းကွင်းများဖြစ်သော မလွန်ကွင်းက
ရေပေးရေးစီမံကိန်း ရေစစ်ရေပို့ကန်ကြီးဖြစ်သွားသည်။ ဧရာဝတီကွင်း၊ ထင်းဝင်းကွင်းတို့ ပျောက်သွားသည်။ ဆရာစံကွင်းက ဈေးဖြစ်သွားသည်။ မန္တလေးတောင်ခြေမြင်းပြိုင်ကွင်းကတော့ လေ့ကျင့်ရေးကွင်းပဲ ဖြစ်နေသေးသည်။

မြန်မာနေရှင်နယ်လိ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြောင့် ဗထူးအားကစားကွင်းတွင် ကွန်ကရစ်ပွဲကြည့်စင်များ၊ အဆင့်မီကစားကွင်းနှင့် မီးမောင်းကြီးများရရှိခဲ့ပါပြီ။ ထို့ပြင် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမှီ မန္တလာသီရိဘောလုံးကွင်းကြီးလည်း တည်ဆောက်ပြီးဖြစ်ပါ၏။

အရေးကြီးတာက ရပ်ကွက်တွေထဲ ကျောင်းတွေထဲမှာ ကွင်းတွေရှိ၊ ဘောလုံးကစားသည့် ကလေးတွေ လူငယ်တွေအပြည့်၊ ညနေစောင်းတိုင်း ရှိနေရပါမည်။ အလားတူ ၄ပေ၆လက်မတန်း၊ ၄ပေ ၉လက်မတန်း ဘောလုံးပြိုင်ပွဲတွေလည်း ရှိမှဖြစ်မှာပေါ့။

တကယ်တော့ အားကစားဟူသည် လူငယ်တွေ စိတ်အား အချိန်ပို အေးချမ်းကြမှ ကစားနိုင်ပေမည်။ ဒီလို အရင်းအမြစ်တွေ မရှိရင် ကွင်းကြီးတွေက အမြဲပိတ်ထားရမှာပေါ့။

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW