လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဟန်မိန်းအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

မတ်၂၂-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီလမ်းရှိ ဟန်မိန်း (HEMG MEI )အထည်ချုပ်စက်ရုံမှာ မနေ့ မတ်လ၂၁ရက် ညနေ ၆နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ အလယ်ကျေးရွာနေသူတွေဆီက သိရပါတယ်။

ဟန်မိန်း (HEMG MEI )အထည်ချုပ်စက်ရုံ မီးလောင်မှုကို မီးသတ်တွေ ပရဟိတသမားတွေ ကျေးရွာနေသူတွေ စုပေါင်းငြိမ်းသတ်ခဲ့ရတယ်လို့ ကျေးရွာနေသူတဦးကပြောပါတယ်။

“မီးက ၆ နာရီခွဲကတည်းက လောင်တာ နာရီဝက် တစ်နာရီလောက်ကြာတယ်၊ ကြားတာတော့ ဘွိုင်လာအိုး မီးအပူလွန်ကဲပြီး လောင်တယ်ပြောတာပဲ”လို့ သူက ပြောပါတယ်။

မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက “အဲ့ဒီမီးလောင်မှုကို မီးသတ်ဦးစီးဌာနက ၆နာရီ ၂၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ရာ Level 1အဆင့်ကနေ Level 2 ယာဉ်အုပ်စုပြောင်းလဲကာ ည ၇ နာရီ ၅၈ မိနစ်အထိ မီးငြိမ်းသတ်ခဲ့ရတယ်”လို့ ပြောပါတယ်။

လက်တလောမှာ မီးစတင်လောင်တဲ့အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကိုလည်း စက်ရုံမီးလောင်မှုဖြစ်တာကြောင့် တွက်ချက်နေတယ်လို့လည်း သိရပါတယ် ။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ဟန်မိန်း HEMG MEI အထည်ချုပ်စက်ရုံဟာ တရုတ်နိူင်ငံသားတဦးပိုင်ဆိုင်တဲ့ အထည်ချုပ်စက်ရုံလည်း ဖြစ်တယ်လို့အလုပ်သမားတွေဆီက သိရပါတယ်။

အလားတူ မနေ့ မတ်လ ၂၁ရက် ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ကလည်း လှိုင်သာယာအရှေပိုင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်မှာရှိတဲ့ မော်ဒန် KTV မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ၅၈ မိနစ်မှာ မီးငြိမ်သွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မီးလောင်မှု #အထည်ချုပ်စက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW