မုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ် မိုင်းထိပြီးနောက် လုပ်ခဲ့တဲ့အဖွဲ့က တောင်းပန်လို့ ပုံမှန်အတိုင်း ပြန်လည်ကူညီမယ်

မတ် ၊ ၂၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းမှာ အခြေပြုတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာ) ရဲ့ လူနာတင်ယာဥ် မိုင်းထိမှန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဖေါက်ခွဲတဲ့အဖွဲ့က မှားယွင်းမိကြောင်းတောင်းပန်ခဲ့ပါတယ်။ အဲဒီတောင်းပန်စာထွက်ပြီးနောက်မှာတော့ လူနာတွေကို ငဲ့ကွက်တဲ့အနေနဲ့နဲ့ ပြန်လည်ပို့ဆောင် ကူညီပေးမယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (မုံရွာ)အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

” ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး အသင်းကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူး ၊ မှားယွင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ သက်ဆိုင်ရာအဖွဲ့က ဖွင့်ဟ တောင်းပန်လာတာရယ် ၊ အခုလို မုန်တိုင်းဒဏ်ကြောင့် မိုးအဆက်မပြတ်ရွာနေတဲ့ ကာလမှာ လူနာတွေ သွားလာရေးအတွက် ဒုက္ခမပိုစေလိုတဲ့အတွက် အသင်းရဲ့ လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်း ကူညီပေးသွားမှာပါ ” လို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့မနက် အစောပိုင်းအချိန်က မုံရွာအခြေစိုက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ဟာ မြင်းမူမြို့နယ်ဘက်က ဆိုင်ကယ် အက်စီးဒင့် အရေးပေါ်လူနာကို မုံရွာတိုးလ်ဂိတ်အနီး သွားရောက်ခေါ်ဆောင်တဲ့ လမ်းကြောင်းမှာ လူနာတင်ယာဥ် မိုင်းစထိမှန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ထိခိုက်မှုကြောင့် လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့က ရက်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ဒီမနက် အစောပိုင်းက ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ယက္ခညီနောင် PDF အဖွဲ့က လူနာတင်ယာဥ်ကို မှားယွင်းစွာ မိုင်းခွဲတိုက်ခိုက်မိတယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်ကနေတဆင့် ထုတ်ဖော် တောင်းပန်ထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #လူမှုကယ်ဆယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW