ဖားကန့်မှာ အင်တာနက်သုံးလို့ရတဲ့ ဖုန်းကဒ်စျေးနူန်းတွေ သောင်းဂဏန်းအထိ မြင့်တက်နေ

ဧပြီ ၇-၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့် ရတနာမြေမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်း အသုံးပြုလို့ ပြန်ရလာတဲ့အတွက် ဖုန်းကဒ်စျေးနူန်းတွေဟာ ၅ ထောင်ကျပ်ကနေ ၃ သောင်းကျပ်အထိ စျေးနူန်းမြင့်တက်လာတယ်လို့ ဖားကန့်မြို့ခံတွေဆီက ဒီကနေ့ သိရပါတယ်။

” အင်တာနက်လိုင်းပြန်ရတာ ၄ ရက်ရှိပြီ ၊ Mytel ဖုန်း တစ်မျိုးထဲပဲ ရသေးတာ ၊ ကျန်တဲ့ဖုန်းလိုင်းတွေက မရသေးဘူး ၊ အဲ့ဒါကြောင့် Mytel ဖုန်းကဒ်တွေ စျေးနူန်းမြင့်တက်သွားတာ “လို့ ဖားကန့်မြို့ခံ ဖုန်းအရောင်းဆိုင် လုပ်ငန်းရှင်တယောက်က ပြောပါတယ် ။

ဖားကန့်မြို့ခံ နည်းပညာရှင် လူငယ်တယောက်ကလည်း ” ဖားကန့်မှာ လအတန်ကြာ အင်တာနက်လိုင်းတွေ ပိတ်ထားတယ် ၊လိုင်းပြန်သုံးလို့ရတာ ရက်ပိုင်းပဲရှိသေးတယ်၊ Mytel ကလွဲလို့ ကျန်အခြားလိုင်းတွေ ဒီကနေ့အထိ ပိတ်ထားဆဲဖြစ်တယ် ၊ ဌာနဆိုင်ရာရုံးတချို့နဲ့ ကျောက်မျက်ကုမ္မဏီတွေက စလောင်း အင်တာနက်သုံးကြတယ် ၊ ဖားကန့်မှာက အင်တာနက် မသုံးရတာကြာတော့ လူတွေက ပြန်သုံးချင်နေကြတဲ့အချိန်မှာ အခုလို Mytel လိုင်းက ပြန်ရလာတယ်ဆိုတော့ ဖုန်းကဒ် စျေးနူန်းမြင့်သွားတာ “လို့ ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေး လုပ်သားနဲ့ ရေမဆေးကျောက်ရှာဖွေသူ အရေအတွက်ဟာ သိန်းဂဏန်းမက ရှိနေပြီး အခုလို အင်တာနက်လိုင်း ပြန်လည်အသုံးပြုလို့ ရတဲ့အချိန်မှာ အသုံးပြုလို့ရတဲ့ ဖုန်းကဒ်အမျိုးအစားကို ကျောက်မျက်လုပ်သားတွေက ဝိုင်းအုံဝယ်ယူကြတဲ့အတွက် ဖုန်းကဒ်စျေးနူန်း မြင့်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်စိမ်းရတနာမြေဖြစ်တဲ့ ဖားကန့်မြို့နယ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဝန်းကျင်ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး အခု ၂၀၂၂ခုနှစ် ဧပြီလဆန်းပိုင်းမှာ ပြန်လည်အသုံးပြုလို့ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #အင်တာနက်လိုင်း #ဖုန်းဆင်းမ်ကတ်ဈေးတက်

Related posts

Leave a Comment

VOM News

FREE
VIEW