ပုဂံဒေသက ရှေးဟောင်းရုပ်တုအချို့ အခိုးခံရ

ဧပြီ ၁၉-၂၀၂၂
VOM (GG)

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသက လူသူအရောက်အပေါက်မရှိတဲ့ ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ဘုရားတွေထဲက ရုပ်တုအချို့အခိုးခံလိုက်ရတယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲကနေ သိရပါတယ်။

ရုပ်တုတွေအခိုးခံရတာကို မနေ့ ဧပြီ၁၈ ရက်နေ့က စစ်ဆေးတွေ့ရှိရတာဖြစ်ပြီး အခိုးခံလိုက်ရတဲ့ ရုပ်တုအရေအတွက် အတိကျသိနိုင်ဖို့အတွက် ယခင်ကထားရှိတဲ့ ဓာတ်ပုံမှတ်တမ်းနဲ့တိုက်ပြီး စစ်ဆေးလုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

“ကင်းလှည့်တော့မှသိတာ ဒီမနက်မှသိတာ၊ ၇၁၆ ကတော့ ပျောက်လားမပျောက်လား မသေချာပါဘူး၊ထိုင်တော်မူ နတ်ရုပ်လေးတွေရှိတယ်လို့ ဒေသခံဆရာတော်တပါးကတော့ပြောတယ်၊အဲ့ဒီတော့ အရင်ကရှိတာလား၊အရင်ထဲကမရှိတာကို အခုမှသိတာလားပေါ့။၄၁၈ ကတော့ အကိုတို့ဆီကလည်း ၂၀၂၀ တုန်းကရိုက်ထားတဲ့မှတ်တမ်းပုံတွေရှိတယ်၊ ပျောက်တာတော့ ဘယ်နှစ်ရုပ်ပျောက်လဲဆိုတာ ပုံဟောင်းတွေနဲ့ပြန်တိုက်နေတယ်၊တချို့ကတော့ ဒီအရုပ်တွေက မစုံတာရှိတယ်၊နှစ်ပေါင်းတစ်ထောင်ကျော် နှစ်ထောင်နီးပါးဆိုတော့ မစုံတာရှိတယ်၊ အရင်ကမှတ်တမ်းတွေပြန်ရှာနေတယ်၊ပြန်ရှာပြီးတော့မှ အရင်ရှိခဲ့တာနဲ့တိုက်မယ်၊တချို့ကျတော့လည်းအကွက်လေးတွေထဲမှာ နှစ်ရုပ်သုံးရုပ်လောက်ကျန်တာကို ထပ်ခွာသွားကြတာကပါ့၊ အရင်မှတ်တမ်းပုံနဲ့ကျန်ခဲ့တာကိုပြန်တိုက်ပြီး ဘယ်လောက်ပျောက်လဲဆိုတာ ကြည့်ရမှာပေါ့၊ “လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်။

ဘုရားအမှတ် ၄၁၈ မှာ အခိုးခံလိုက်ရတဲ့ဘုရားတွေကတော့ ဘုရားပုလင်ရဲ့အောက်ခြေအကွက်လေးတွေထဲမှာ ထည့်ထားတဲ့ ဗြမ္မာမင်းကျောက်ဆစ်လက်ရာရုပ်တုငယ်လေးတွေဖြစ်ပြီး အမြင့်ပေ ၆ လက်မလောက်သာရှိတယ်လို့ သိရပါတယ်။

ရှေးဟောင်းအမွေအနှစ်ကို လေ့လာထိန်းသိမ်းနေသူလည်းဖြစ်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပါလုပ်ကိုင်နေတဲ့ပုဂံဒေသခံတဦးကတော့ ခိုးခံလိုက်ရတဲ့ ရုပ်တုတွေဟာ တကယ့်ရှားပါးလက်ရာအမွေအနှစ်တွေဖြစ်ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကိုသိတဲ့ ဝါရင့်ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ သူရဲ့အမြင်ကိုသုံးသပ်ပြောဆိုထားပါတယ်။

“တန်ဆောင်မုန်းလပြည့်နေ့ညအထိ ဒီဘုရားတွေရှိသေးတယ်လို့ တယောက်ကလည်းပြောတာတွေ့ရတယ်၊အဲ့ဒီတော့ ဒီဘုရားတွေက ၆လလောက်အတွင်းမှာပျောက်သွားတာလို့ အကိုကတော့ကောက်ချက်ချတယ်၊ ဒါတွေက တကယ့်ရှားပါးလက်ရာတွေ၊တကယ့်အမွေအနှစ်တွေပေါ့၊ တကယ့်ကို ဝါရင့်သူတွေ၊ပစ္စည်းတန်ဖိုးကို သိတဲ့သူတွေပေါ့။ပုဂံမှာ အကိုတို့လိုပဲ သေချာလေ့လာတဲ့သူတွေရှိတယ်၊အကိုတို့နောက်မှာမှလိုက်ပြီးတော့ ဓာတ်ပုံရိုက် ဆယ်လီဖြစ်ချင်လို့ တင်တဲ့သူတွေရှိတယ်၊ရှေးဟောင်းသူခိုးက အရင်ခေတ်ထဲကရှိတယ်။ ရုပ်တုအရွယ်အစားက ၆ လက်မလောက်ပဲရှိတာ၊ တော်တော်တော့လှတယ်။ ပလင်အောက်မှာထားတဲ့အရုပ်လေးတွေပေါ့၊အကိုတို့မှာလည်း ရိုက်ထားတာရှိတယ် ဒေတာသိမ်းတဲ့အနေနဲ့ပေါ့။အဲ့ဒီနေရာက ဓာတ်ပုံရိုက်တဲ့သူတွေကို မရောက်တဲ့နေရာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အကြောင်းသိတဲ့သူပါလို့သာ အဲ့အရုပ်တွေပါသွားတာ၊ လုံးဝကို အကြီးအကျယ်လုပ်နေသူတွေလုပ်သွားတာ၊ အမွေအနှစ်နဲ့ပတ်သက်ပြီး အကြီးအကျယ်လုပ်နေသူတွေ၊တန်ဖိုးသိနေသူတွေ၊ဒီအရုပ်တခုကို ရလိုက်ရင် ဘယ်လောက်တန်ကြေးရှိတယ်ဆိုသိတဲ့ လူတစ်စုပေါ့ ” လို့ သူကသုံးသပ်ပြောပါတယ်။

လက်ရှိမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲအနေနဲ့ နယ်မြေခံရဲစခန်းနဲ့ချိတ်ဆက်ပြီး ရုပ်တုခိုးသူတွေကိုဖမ်းဆီးနိုင်ဖို့အတွက် အမှုဖွင့်ဖို့လုပ်နေပြီး ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေလက်ချက်ဖြစ်နိုင်တယ်လို့ ပုဂံရှေး/သု ညွှန်ကြားရေးမှူးကလည်း သုံးသပ်ပြောဆိုထားပါတယ်။

” သုံးသပ်တာကတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့သူတွေ၊ဒါမှမဟုတ် အဲ့ဒီလူတွေရဲ့ကြိုးကိုင်ထားတဲ့လူတွေပေါ့၊ဥပမာ သူတို့က ဒီကနေ ခိုးပေးတယ်၊ခိုးပေးပြီးရင် မှောင်ခိုဈေးကိုပို့ပေးတယ်၊ကောက်တဲ့သူက လာကောက်မယ် ဘုရားဖူးဟန်ဆောင်ပြီးပေါ့၊သရေခေတ္တရာမှာလည်း ဒါမျိုးတွေရှိတယ်၊မြို့ဟောင်းတွေရှိတဲ့နေရာတိုင်းရှိတယ်၊ပုဂံလည်းရှိလိမ့်မယ်လို့ထင်တယ်။သရေခေတ္တရာလို သေးသေးလေးတောင်ရှိသေးတာပဲ၊ဒါတွေကို ဖော်ထုတ်ရမှာပေါ့။” လို့ ပုဂံရှေး/သု ညွှန်ကြားရေးမှူးကပြောပါတယ်။

ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေဟာ ပုဂံမှာ တောထူပြီး ချောင်ကျတဲ့နေရာ၊ ခရီးသွားပြည်သူအရောက်အပေါက်နည်းတာကို အခွင့်ကောင်းယူကာ ဘုရားရုပ်တုခိုးယူတာတွေလုပ်နေကြတာဖြစ်တဲ့အတွက် ရှေး/သုဌာနအနေနဲ့ နံရံဆေးရေးပန်းချီလက်ရာကောင်းတွေ၊ရှားပါးလက်ရာရုပ်တုရှိပြီး ချောင်ကျတဲ့ဘုရားတွေကို စာရင်းကောက်ယူကာ သံတံခါးတွေတပ်ဆင်ဖို့ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ပုဂံဒေသလို ဘုရားအဆူပေါင်း ၃၈၀၀ ကျော်ရှိတဲ့နေရာမှာ ဘုရားတွေကိုထိန်းသိမ်းဖို့အတွက် ဝန်ထမ်းအင်အားအလုံအလောက်ရှိဖို့ လိုအပ်နေသလို၊ထိန်းသိမ်းတဲ့နည်းပညာတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ရုပ်တုအချို့ #ခိုးယူခံရ

Related posts

Leave a Comment

VOM News

FREE
VIEW