ဆေးကျောင်းတက်မယ့်သူတွေ ဘွဲ့ရပြီးနောက် နိုင်ငံတာဝန် မထမ်းဆောင်ရင် သိန်း ၆၀၀ လျော်ရမယ်

ဧပြီ ၂၆-၂၀၂၂
VOM (GG)

၂၀၂၀ တုန်းက ဆယ်တန်းစာမေးပွဲအောင်ခဲ့ပြီး ဆေးကျောင်းတက်မယ့်သူတွေအနေနဲ့ နိုင်ငံတာဝန်ကို ၅ နှစ်ထမ်းဆောင်ရမှာဖြစ်ပြီး မထမ်းဆောင်နိုင်ခဲ့ပါက သိန်း ၆၀၀ ပေးလျော်ရမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်တစောင် ဒီကနေ့မနက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာပါတယ်။

စည်းကမ်းချက်ဖောက်ဖျက်ရင် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ)လည်းရရှိမှာမဟုတ်ကြောင်း၊ သိန်း ၆၀၀ ကို ၁လအတွင်း ပေးလျော်ရမှာဖြစ်တယ်လို့ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေ ချုပ်ဆိုရမယ့် ကတိဝန်ခံချက်စာချုပ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဆေးမကုတော့တဲ့ ဆရာဝန်တယောက်က”ကျနော်တို့ ခေတ်ကတော့ သိန်း၅၀ပဲလျော်ရတယ်၊ (ဆမ)မသိမ်းခံရဘူး၊ အခု သိန်း၆၀၀ဆိုတော့ လစာ၃သိန်းရတဲ့ ဆရာဝန်တယောက်အတွက် အဆမတန်များလွန်းတယ်၊ ဒီကိစ္စ CDMတွေနဲ့ ပတ်သက်မယ်လို့တော့ ထင်တယ်၊ နောက်တော့ ပြန်ပြင်လိမ့်မယ်ထင်ပါတယ်”လို့ပြောပါတယ်။

အဲ့ဒီစာချုပ်မှာ ဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရပါက နိုင်ငံ့တာဝန်အဖြစ် အနည်းဆုံး ငါးနှစ်၊ ဘွဲ့လွန်ပြီးမြောက်ပါက နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး ငါးနှစ် မပျက်အကွက် တာဝန်ထမ်းဆောင်ရမယ်လို့ ရေးသားထားပါတယ်။

” အဲ့ဒီစာ ထွက်နေတာတော့ ဖတ်မိပါတယ်။ သေချာတော့မသိသေးဘူး။ ဆေးကျောင်းတက်သူတွေကို စာချုပ်နဲ့ ထိန်းလိုက်တာလို့မြင်တယ်။ကျောင်းပြီးရင် မဖြစ်မနေ အစိုးရဆေးရုံတွေမှာ လုပ်ရမယ်ပေါ့။ချပေးတဲ့နေရာလည်းသွားရမယ့်သဘောပေါ့”လို့ ဆေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။

ဒါ့အပြင် တာဝန်ပေးအပ်တဲ့ဘယ်ဒေသ ဘယ်မြို့ကိုမ ဆို သတ်မှတ်ထားတဲ့ အချိန်အတိုင်း သွားရောက်တာဝန်ထမ်းဆောင်ရမယ်လို့လည်း စာချုပ်မှာပါရှိပါတယ်။

အဲ့ဒီအချက်တွေကို ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့တိုက်တွန်းချက်မှမပါဘဲ မိမိသဘောဆန္ဒအတိုင်း တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ရေးထိုးရမှာဖြစ်ကြောင်း ၊တကယ်လို့ဖောက်ဖျက်ခဲ့ရင်တော့ (ဆမ)လည်းရမှာမဟုတ်သလို သိန်း ၆၀၀ လည်းလျော်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် ဆေးတက္ကသိုလ် ၁ ကို ဝင်ခွင့်ရသူတွေအနေနဲ့ လာမယ့် မေလ ၂၇ ရက်နေ့အထိမှ ကျောင်းအပ်နှံခြင်းမရှိတဲ့သူတွေကိုတော့ ဝင်ခွင့်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

#voiceofmyanmar #VOM #ဆေးကျောင်းတက်မယ့်သူတွေ #ဘွဲ့ရပြီးနောက်နိုင်ငံတာဝန်မထမ်းဆောင်ရင် #သိန်း၆၀၀လျော်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW