ပုဂံဘုရားခိုးသူတွေ ဖမ်းမိပြီး ရုပ်တုတွေ ပြန်လည်ရရှိ

ဧပြီ ၂၉-၂၀၂၂
VOM (GG)

ကမ္ဘာအမွေအနှစ်စာရင်းဝင် ပုဂံဒေသက ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ဘုရားတွေဆီကနေ ဖြုတ်ယူအခိုးခံလိုက်ရတဲ့ ရုပ်တုတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ရရှိခဲ့သလို ခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဌာနခွဲကနေ သိရပါတယ်။

ဘုရားအမှတ် ၄၁၈ မှ ဦးခေါင်းသုံးလုံးပါ ဗြဟ္မာရုပ်တု ၄ ခု ၊ဘုရားအမှတ် – ၇၁၆ မှခြင်္သေ့ရုပ်တု ၄ခု ၊ ဗုံတီးဟန်ရုပ်တု ၂ ခု (ဦးခေါင်းနဲ့အပိုင်းအစအချို့ ပဲ့)၊ပလ္လင်ထမ်းဟန် ရုပ်တု ၁ ခု၊ကချေသည်ရုပ်တု ၁ ခု၊ အုတ်ခွက်စာပါအုတ် ၁၉ ချပ် ၊၂ ပေပတ်လည် ကျောက်ပြားမှာ သမင်ရုပ်ပုံပါ ၁ ချပ်ကို ရရှိခဲ့တယ်လို့သိရပါတယ်။

ရှေးဟောင်းပစ္စည်းတွေနဲ့အတူ ပစ္စည်းဖြုတ်ယူခိုးသူ၊လက်ခံသူ ၊ရောင်းဝယ်တဲ့ ၆ ယောက်ကို ဖမ်းဆီးရမိထားပြီး ဖမ်းမိသူတွေဟာ ပုဂံညောင်ဦးဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

“၁၉ ရက်ကစပြီး သတင်းရလို့ ချိတ်ဆက်ဆောင်ရွက်ရင်း ဖမ်းဆီးရမိတာပေါ့။ ကိုယ်တိုင်ခွာတဲ့သူရော၊အပေါင်ခံတဲ့သူရော ၊ အထိုင်ပစ္စည်းကောက်တဲ့သူရော လက်ရှိမိထားတာပေါ့။ အမှတ် ၄၁၈ မှာ ပျောက်တာက အရင်မှတ်တမ်းပုံတွေနဲ့စစ်တော့ ၄ ခုပျောက်တာကို အခု ၄ခုလုံးပြန်ရတယ်။ ၇၁၆ ကလည်း ဗုံတီးအရုပ်တွေ၊ကချေသည်အရုပ်တွေ အကုန်ရတယ်။ နောက်ထပ်လည်း ဆက်စပ်တွေကိုဆက်လုပ်နေတယ်” လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်။

ရှေးဟောင်းပစ္စည်းတွေကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဖြုတ်ယူခိုးနေတာဖြစ်တယ်လို့ ရှေးဟောင်းပစ္စည်း ခိုးယူသူတွေကို စစ်ဆေးချက်တွေအရ သိရပါတယ်။

ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ က ရုပ်တုတွေ ပျောက်ဆုံးပြီး ဖြုတ်ယူအခိုးခံရကြောင်းကို ဧပြီလ ၁၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ပျောက်ဆုံးသဲကျောက်ရုပ်တုတွေ ပြန်လည်ရရှိရေးနဲ့ သတင်းပေါက်ကြားမှု မရှိစေရေး နဲ့ ဆက်စပ်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေး၊ ဆုံးရှုံးသွားတဲ အမွေအနှစ်တွေ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့စုံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့သလို ရှေးဟောင်းပစ္စည်းတွေ ပြည်ပကို တရားမဝင်ရောက်ရှိမသွားစေဖို့အတွက်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol)နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာကြောင့် ပျောက်ဆုံးရုပ်တုတွေပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှေးဟောင်းပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေဟာ ပုဂံမှာ တောထူ၊ချောင်ကျတဲ့နေရာက ဘုရားတွေကို ခရီးသွားပြည်သူအရောက်အပေါက်နည်းချိန် အခွင့်ကောင်းယူကာ ခိုးယူတာတွေလုပ်နေကြတာဖြစ်လို့ ရှေးသုဌာနအနေနဲ့နံရံဆေးရေးပန်းချီလက်ရာကောင်းတွေ၊ရှားပါးလက်ရာရုပ်တုရှိပြီး ချောင်ကျတဲ့ဘုရားတွေကို စာရင်းကောက်ယူကာ သံတံခါးတွေတပ်ဆင်ဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ဘုရားခိုးသူတွေ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW