မုံရွာ – မန္တလေး ကားလမ်းမှာ မုံရွာလူမှုကယ်ဆယ်ရေး အသင်းကား မိုင်းထိမှန်

ဧပြီ၂၉-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ၊ ထီးစောင်းကျေးရွာနဲ့ ညောင်ပင်ဝန်းကျေးရွာအကြား မုံရွာ-မန္တလေးကားလမ်းမှာ အရေးပေါ်လူနာ သွားရောက်ပို့ဆောင်တဲ့ လူနာတင်ကား ၂ စီးဟာ ဒီကနေ့ မနက်ပိုင်းက မိုင်းထိမှန်ကာ သေနတ်နဲ့ပါ ပစ်ခတ်ခံရတယ်လို့ မုံရွာမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မန္တလေးဆေးရုံကို လူနာသွားပို့တဲ့အချိန် လမ်းမှာ မိုင်းထိမှန်တဲ့ကားက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)က ကား ၂ စီးလို့ သိရတယ် ၊ မိုင်းပေါက်ကွဲပြီးနောက် သေနတ်နဲ့ပါ ပစ်ခတ်ခံရတယ်လို့ ကနဦး ကြားရတယ် ၊ ဖြစ်စဥ် အသေးစိတ်ကို အတည်ပြုပြောဖို့ အချိန်စောသေးတယ် ၊ မုံရွာအဖွဲ့တွေ အခင်းဖြစ်အရပ်ကို လိုက်သွားနေကြတုန်း ” လို့ မုံရွာမြို့ခံ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မုံရွာ)ရဲ့ တာဝန်ရှိသူ ဦးစိန်ကိုကို အသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း” ထီးဆောင်းနားနဲ့ ညောင်ပင်ဝန်းကြား ၊ ကျွန်တော်တို့အဖွဲ့ မန္တလေး လူနာသွားသည့်ကား ၂ စီး ၊ ကားမိုင်းဆွဲပြီး သေနတ်နဲ့ပါ အပစ်ခံရ ၊ ကား ၂ စီးနဲ့ အဖွဲ့ဝင်ကလေး တစ်ဦး ထိခိုက်မိ၊ ဖုန်းတွေမဆက်ကြပါ ၊ မဆက်ကြပါနဲ့ဦးဗျ ” လို့ ဒီကနေ့ မနက်ပိုင်းက ရေးသားထားတာကို တွေ့ရပါတယ်။

မုံရွာမြို့ခံ လူမှုကူညီရေးအသင်းတွေကလည်း” ဒီမနက် ၈ နာရီခွဲအချိန်က အသက် ၅၀နှစ် ဦးနှောက်သွေးကြောပေါက် လူနာတဦးနဲ့ အသက် ၈၀ ၊ သက်ကြီးရောဂါ လူနာတဦးကို မုံရွာကနေ မန္တလေး ဆေးရုံပို့ဖို့သွားတဲ့ လူနာတင်ကား ၂ စီး မိုင်းထိမှန်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာပါ ၊ ကား ၂ စီးကတော့ ရစရာမရှိအောင်ပျက်သွားတယ် ၊ အသင်းသားတယောက်လည်း ထိခိုက်ဒဏ်ရာရတယ် ၊ ကားပေါ်ပါ လူနာတွေရဲ့ အခြေအနေကတော့ မသိရသေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)က လူနာတင်ယာဥ်တစီးဟာ မြင်းမူမြို့နယ်ကနေ မုံရွာတိုးလ်ဂိတ်ကို လူနာသွားခေါ်လမ်းမှာ မိုင်းထိမှန်ပြီး လူနာတင်ကား အသေးစားပျက်စီးမှုတခု ဖြစ်ခဲ့ပါသေးတယ် ။

မုံရွာအခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)ဟာ လူနာတင်ကား လိုအပ်ချက်ရှိနေတဲ့ကာလမှာ အခုလို လူနာတင်ကား ၂ စီး မိုင်းစထိမှန် ပျက်စီးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)
#voiceofmyanmar #VOM #မုံရွာ #လူမှုကယ်ဆယ်ရေးအသင်း #အသင်းကားမိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW