ဓာတ်မြေသြဇာစျေး ၁သိန်းကျော်အထိ မြင့်တက်သွားလို့ စပါးစိုက်တောင်သူတွေ ဒုက္ခရောက်နေ

မေ ၂-၂၀၂၂
VOM (GG)

ဓာတ်မြေသြဇာစျေးနူန်း တစ်အိတ်ကို ၁ သိန်းကျော်အထိ မြင့်တက်လာတာကြောင့် စပါးစိုက်တောင်သူ တွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

အရင်က ၂၃၀၀၀ ကျပ်သာရှိတဲ့ ပုလဲဓာတ်မြေသြဇာ တစ်အိတ်ကို လက်ရှိမှာ ၁၁၀၀၀၀ ကျပ်အထိ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။

“ဒီနှစ်တော့ လယ်သမားတွေဘဝ မလွယ်ကြောပါ၊တကယ့်ကိုခက်ခဲကြရပြီ။ဓာတ်မြေဩဇာအသုံးပြုဖို့ မလွယ်တော့ဘူး၊ မသုံးပြန်ရင်လည်း အထွက်နှုန်းက သိသိသာသာနည်းသွားမှာ။ တကယ်ကို လမ်းပျောက်ကုန်ကြပြီ”လို့ စပါးစိုက်တောင်သူတဦးကပြောပါတယ်။

ဒါ့ကြောင့် နွေစပါးစိုက်ပျိုးထားတဲ့ တောင်သူတွေလည်း ဓာတ်မြေသြဇာပက်ဖြန်းနိုင်ခြင်းမရှိတဲ့အပြင် လာမယ့်မိုးစပါးစိုက်ပျိုးရာသီအတွက်လည်း မြေသြဇာ ပက်ဖြန်းဖို့ အဆင်မပြေဘဲ အခက်တွေ့နေရတယ်လို့သိရပါတယ်။

” ၂၃၀၀၀ တန်က ၁ သိန်းကျော်ထိတက်တာ တခါမှမကြုံဖူးပါဘူး။ အခုနှစ်နွေစပါးရလို့ လုပ်ထားတယ် မြေသြဇာ မပက်နိုင်ဘူး၊အစိုးရက ခွဲတမ်းနဲ့ချပေးတဲ့မြေသြဇာကလည်း ဘာမှလုပ်မရဘူး။ လယ်တွေကို လွှတ်မထားချင်တော့ အရှုံးခံလုပ်နေရတယ်။ အခုမိုးတွင်းကတော့ ပက်ပက်စက်စက်ရှုံးမှာ၊ တစ်ဧက မြေသြဇာတစ်အိတ်ပက်နိုင်ဖို့မပြောနဲ့ နှစ်ဧက၁လုံးတောင် အတော်ကြိုးစားရမှာပါ။ စပါးစျေးက မရ၊စိုက်ပျိုးစရိတ် မြေဩဇာက စျေးအဆမတန်မြင့် ဒုက္ခတွေ ချည်းပဲ ” လို့ ပြည်မြို့နယ် စပါးစိုက်တောင်သူ ဦးမင်းဆွေကပြောပါတယ် ။

စိုက်ပျိုးရေးဆေးအရောင်းဆိုင်ပိုင်ရှင်တဦးက” ဝယ်ရင်းစျေးမြင့်တော့ တက်ရောင်းရတာပါ။ လှောင်ထားတာရှိလည်း တစ်ဆိုင်ထဲစျေးမတရားချရောင်းလို့က မရဘူးလေ၊ သူများထက်စျေးတင်ရောင်းလို့လည်း မရဘူး”လို့ ပြောပါတယ်။

မြေသြဇာစျေးနူန်းတွေ အဆမတန် မြင့်တက်နေသလို ၊ ပိုးသတ်ဆေးစျေးနူန်းတွေကလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

” မြေသြဇာဈေးတွေ တက်နေတာ မြင်မကောင်းဘူး ။မနှစ်က ပုလဲတစ်အိတ် ၅၀၀၀၀ ကျော်၊ခု တစ်သိန်းကျော်သွားတယ်။ ခုနှစ် မိုးတွင်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ တစ်ဧက အိတ်ဝက်ပက်မယ်ဆိုရင်တောင် မြေသြဇာဖိုးက ၅၅၀၀၀ ရှိတယ်၊ တစ်ဧကစပါး၅၀ ထွက်မှ အချိန်တန်စပါးစျေး ၆ သိန်းပေါက်ရင် ၃ သိန်းရမယ်၊ ပြန်တွက်ကြည့်ရင်မြေသြဇာက စျေးကြီး၊အလုပ်သမားစျေးကကြီး၊အကုန်စျေးတက်၊ စပါးပေါ်ချိန်ကျ စပါးစျေးကမကောင်း နှစ်တိုင်းအရှုံးပဲ “လို့ စပါးစိုက်တောင်သူ တဦးကပြောပါတယ်။

လယ် တစ်ဧကကို စပါးစိုက်ပျိုးမှု ကုန်ကျစရိတ်က လယ်စက်မောင်းခ၊ နွားနဲ့လယ်ထွန်ယက်ခ၊ မျိုးစပါးဖိုးက ၁၅၀၀၀၊ မျိုးစပါးပက်ကြဲခစရိတ်၊မြေသြဇာ အိတ်ဝက်ပက်ဖြန်းပါက ၅၅၀၀၀ကျပ်၊ မြက်သတ်ဆေးစရိတ်၊ ပေါင်းနုတ်ခ၊စပါးရိတ်သိမ်းချွေစက်ကုန်ကျစရိတ် စတဲ့အထွေထွေ ကုန်ကျစရိတ်က အများဆုံး ၂၅၀၀၀၀ ကျပ်အထိရှိတယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က ပုလဲမြေဩဇာတစ်အိတ်ကို ၂၃၀၀၀ နဲ့ ၂၄၀၀၀ ကျပ်သာရှိပြီး ၂၀၂၁ ခုနှစ်မှာ ၅သောင်းကျပ် အထိ ပေးဝယ်ခဲ့ရာကနေ အခု ၂၀၂၂ ခုနှစ်မှာတော့ ၁ သိန်း ကျော်အထိ အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။

စပါးစိုက်တောင်သူတွေဟာ စပါးစိုက်ခြင်းကို မိရိုးဖလာ လယ်လုပ်ငန်းအဖြစ် ရိုးရာမပျက် လုပ်ဆောင်နေရပေမယ့် စပါးအထွက်နူန်းလျော့ကျခြင်း၊သွင်းအားစုတွေစျေးမြင့်တက်ခြင်း၊ လုပ်အားခစျေးကြီးမြင့်ခြင်း၊စပါးစျေးနူန်းကောင်းမရရှိခြင်းတွေကြောင့် တောင်သူတွေဟာ နှစ်စဉ် အရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ စပါးကိုအဓိကစိုက်ပျိုးတာက ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊မကွေးတိုင်းတို့ပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြေဩဇာဈေး #အဆမတန်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW