ဘားအံအကျဉ်းထောင်က နိုင်/ကျဉ်း ၆၀ကျော် ထောင်ပြောင်းရွှေ့ခံရလို့ ထောင်ဆူမှုဖြစ်ပွားခဲ့

မေ ၈-၂၀၂၂
GG + KK (VOM)

ကရင်ပြည်နယ် ၊ ဘားအံအကျည်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို ဒ်ီနေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိသူတွေက ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသားတွေဟာ ထောင်ပြောင်းရွှေခံရမှုကို ဆန္ဒပြတဲ့အနေနဲ့ လမ်းတလျှောက်လုံး ကားပေါ်ကနေ သွေးသစ္စာသီချင်းဆိုကာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” မနက် ၆ နာရီကျော်လောက်ဖြစ်မယ်၊မနက်ကဆိုင်ရှေ့ကနေ ကားနဲ့ဖြစ်သွားတာတွေ့လိုက်တယ်၊ ဘားအံထောင်ထဲကလည်း အိုးခွက်တီးပြီး ဒို့အရေး ဒို့အရေးဆိုပြီး ဆန္ဒထပ်ပြနေတယ်လို့ သိရတယ် ” လို့ ဘားအံဒေသခံတဦးကပြောပါတယ်။

ဘားအံအကျဥ်းထောင်ဖြစ်စဉ်ဟာ မှန်ကန်ပြီး လက်တလောအခြေအနေမှာ ငြိမ်သက်သွားပြီဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်အောင်မြင့်က VOM ကိုပြောပါတယ်။

“မှန်ပါတယ် မနက် ၈ နာရီလောက်ကဖြစ်တာပါ၊ ဆန္ဒပြတာရယ်လိုတော့မဟုတ်ဘူး၊ သူတို့တွေ ပန်းကန်ပြားတွေခေါက်ပြီး သီချင်းတွေဆိုကြတာ၊ အခုတော့အားလုံးအဆင်ပြေသွားပြီ”လို့ ဦးစောခင်အောင်မြင့်က ရှင်းပြပါတယ်။

နိုင်ငံရေးအကျဉ်းသား ၅၀ နဲ့ အကျဉ်းသူ ၁၆ ယောက်ကို Express ကားနဲ့ ကျိုက်မရောအကျဉ်းထောင်ကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဘားအံအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသား ၁၃၀ခန့် သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

#voiceofmyanmar #VOM #ဘားအံ #ထောင်ဆူမှု

Related posts

Leave a Comment

VOM News

FREE
VIEW