အလွတ်တန်းသတင်းထောက်တဦး ခရီးသွားရင်း ဘားအံမှာ ဖမ်းဆီးခံထားရ

မေ ၁၁-၂၀၂၂
SP + GG (VOM)

အလွတ်တန်းသတင်းထောက်ဖြစ်တဲ့ မောင်မျိုး (ခ) မောင်မောင်မျိုးဆိုသူဟာ မနေ့ မေလ ၁၀ ရက်နေ့က ဘားအံမြို့၊ သံလွင်တံတားမှာ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

မြဝတီကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားနဲ့ လိုက်ပါလာချိန် ဘားအံမြို့၊သံလွင်တံတားအရောက်မှာ ကားပေါ်ပါသူတွေကိုစစ်ဆေးချိန် သတင်းထောက်မောင်မောင်မျိူးရဲ့ဖုန်းအတွင်းကနေ စစ်ဆေးတွေ့ရှိရတဲ့အချက်အလက်တွေကြောင့်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။

ဘားအံမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက
” ခရီးသည်တွေရဲ့ ဖုန်းတွေ စစ်ဆေးတဲ့အခါ မောင်မောင်မျိုးရဲ့ လက်ကိုင်ဖုန်းထဲက Maung Maung Myo (ဇာတ်ဆရာ) အမည်ရှိ ဖေ့စ်ဘွတ်အကောင့်မှာ မဲခေါင်သတင်းဌာနရဲ့သတင်းတွေကို ပြန်လည်မျှဝေထားတာ ၊ PDF တွေနဲ့ ဆက်သွယ်ပြီး သတင်းတွေ ရေးသားထားတာ နဲ့ လေးကေ့ကော်တိုက်ပွဲသတင်းတွေ ရေးထားတာတွေ့ရလို့ စစ်ဆေးဖို့ ဖမ်းဆီးထားတာပါ “လို့ ပြောပါတယ်။

လက်ရှိမှာ သတင်းထောက် မောင်မောင်မျိုး ကိုဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာမသိရှိရသေးသလို ဘယ်လိုပုဒ်မနဲ့ အရေးယူထားသလဲဆိုတာမသိရှိရသေးဘူးလို့သိရပါတယ်။

” သူက အစက လေးကေ့ကော်မှာလည်းနေခဲ့ဖူးတယ်။သတင်းတွေလည်း မပြတ်ရေးခဲ့တယ်၊နောက် အခုသူ့ဖုန်းထဲမှာလည်း စစ်တပ်ကိုဆန့်ကျင်တဲ့စာသားတွေ၊သတင်းတွေကို ပြန်ရှယ်ထားတာတွေ့လို့ဆိုပြီး ဖမ်းခံလိုက်ရတယ်လို့ ကျနော်တို့လည်းကြားတယ် ၊သူအနှိပ်စက်မခံရဖို့ပဲဆုတောင်းတယ် “လို့ သတင်းထောက်တစ်ဦးကပြောပါတယ်။

မဲခေါင်သတင်းဌာနရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မဲခေါင်သတင်းဌာနအပါအဝင် အခြားသတင်းဌာနတွေကို သတင်းရယူ ရေးသားပေးပို့နေတဲ့ အလွတ်တန်း သတင်းထောက် ကိုမျိုး ခေါ် မောင်မောင်မျိုး အဖမ်းခံရတယ်လို့ ရေးသားထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ဦး ရှိပြီး အဲ့ဒီထဲကမှ ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

အဲဒီဖမ်းဆီးခံ ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ ISP myanmar က ထုတ်ပြန်ထားမှုအရသိရပါတယ်။

#voiceofmyanmar #VOM #အလွတ်တန်းသတင်းထောက် #ကိုမျိုး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW