ပခုက္ကူမြို့နယ်မှာ ၁ လ အတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်းရှိခဲ့

မေ ၊ ၁၂-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကနေ အခုလ မေ ၁၂ ရက်အထိ ၁ လအတွင်း ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ်ပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ဓားပြနဲ့ လုယက်မှုတွေ ပူရတယ် ၊ ငွေကြေး ပြည့်စုံတဲ့ အသိုင်းအဝိုင်းက လူတွေကတော့ ပခုက္ကူမှာ လုံခြုံရေး စိတ်မချရတာကြောင့် တခြားမြို့တွေကို ယာယီပြောင်းရွှေ့နေကြတာများတယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် ၊ နတ်ဥယျာဥ်ကျေးရွာ အနောက်ဘက် ၊ ပခုက္ကူ – ပေါက် ကားလမ်း ၊ ဒေသအခေါ် ဆင်လှကွေ့ ချောင်းရေကျော်နေရာမှာ ပခုက္ကူကနေ စျေးဝယ်ပြန်ကားတစ်စီး ဓားပြတိုက်ခံရပြီး ကားမီးလောင်ကာ ကားသမားသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဝိပဿနာလမ်းနဲ့ ဖောင်တော်ဦး ၊ လမ်းတော်ဦးထောင့်နေရာက ဟိန်းစည် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဟာ ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အခုလ မေ ၁ ရက်နေ့ ၊ ညနေပိုင်းက ပခုက္ကမြို့ ၊ စက်မှုဇုန် ကျွဲတဲကျေးရွာက ကွန်ကရစ်စက်ရုံနဲ့ ဘိလပ်မြေ သိုလှောင်ရုံတွေမှာ ဓားပြတိုက်မှု၊ ၁ ရက်ထဲ ၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပါတယ် ။

မေ ၉ ရက်နေ့ညကလည်း ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ပခုက္ကူ – မြိုင်ကားလမ်းပေါ်က မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္မဏီပိုင် တိုးလ်ဂိတ် ဓားပြအတိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့ မေ ၁၁ရက် မနက်အစောပိုင်းက ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာမှာရှိတဲ့ ပစ္ဆိမာရုံ ဘုန်းကျောင်းဟာ ဓားပြအတိုက်ခံရပြီး၊ ကျောင်းထိုင်ဘုန်းကြီးမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ပခုက္ကူဒေသခံတွေဟာ လူသတ် ၊ လုယက် ၊ ဓားပြမှုတွေကို စိတ်ပူနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW