တရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အာဆီယံကို ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အမေရိကန် ကတိပြု

ဝါရှင်တန်၊ မေ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်ဟာ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ဖို့ရည်ရွယ်ပြီး အာဆီယံဒေသမှာ အခြေခံအဆောက်အအုံတွေ၊ လုံခြုံရေး၊ ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ အခြားသောအားထုတ်မှုတွေအတွက် ဒေါ်လာသန်း ၁၅၀ ထောက်ပံ့ပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို ကတိပြုလိုက်ပါတယ်။

သမ္မတဘိုင်ဒင်ဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှား ၊ ဖိလစ်ပိုင်တို့က ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ မေ ၁၂ ရက်က ညစာစားပွဲကျင်းပချိန်မှာ အခုလိုကတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီးတဲ့ အကြောင်းကိစ္စတွေရှိနေပေမယ့်လည်း အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေရှည်စိန်ခေါ်မှုကို အာဆီယံနိုင်ငံတွေနဲ့တုံ့ပြန်နိုင်ဖို့ အမေရိကန်အစိုးရက မျှော်လင့်နေပါတယ်။

အမေရိကန်က အာဆီယံကိုထောက်ပံ့မယ့် ဒေါ်လာသန်း ၁၅၀ ထဲမှာ အခြေခံအဆောက်အအုံတွေနဲ့ပတ်သက်ပြီး ဒေါ်လာ သန်း ၄၀ ၊ ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် ဒေါ်လာသန်း ၆၀ နဲ့ ကျန်းမာရေးရန်ပုံငွေ ဒေါ်လာ ၁၅ သန်းတို့ပါ၀င်ပါတယ်။

တရုတ်နိုင်ငံကလည်း ဒေသတွင်းမှာ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ဖို့နဲ့ စွမ်းအင်ကဏ္ဍ ပြန်လည်ကောင်းမွန်ရေးတို့အတွက် အာဆီယံနိုင်ငံတွေကို အသုံးနှစ်အတွင်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထောက်ပံ့မယ်လို့ နို၀င်ဘာလအတွင်းက ကတိပြုပြောဆိုထားပါတယ်။

အမေရိကန်နဲ့ တရုတ်ကြား ရွေးချယ်မှုတခုခုလုပ်ဖို့ မိမိတို့တောင်းဆိုနေတာမဟုတ်ကြောင်း ၊ ဒါပေမယ့် အမေရိကန်ဟာ အာဆီယံနိုင်ငံတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးရှာဖွေနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်တယ်လို့ အမေရိကန်အစိုးရ ထိပ်တန်းတာ၀န်ရှိသူတဦးက ပြောပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW