ကျင်စန်းကျော့ ဂိတ်ပေါက် အသစ်ကနေ တရုတ်ဘက်ကို ကြံတွေ စတင်ပို့

မေ ၁၆-၂၀၂၂
Shy V (VOM)

မြန်မာနဲ့ တရုတ် အဓိကကုန်သွယ်ရာ ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ကနေ ဂိတ်ပေါက်အသစ် ထပ်ဖွင့်ပြီး မနေ့ မေလ ၁၅ ရက်နေ့ကစတင်ကာ တရုတ်ဘက်ကို ကြံတွေ စတင် တင်ပို့နေပြီဖြစ်တယ်လို့ မြန်မာဘက်က ကြံ လုပ်ငန်းရှင်ကုန်သည်တွေဆီက သိရပါတယ်။

“မနေ့ကတော့ ၇ စီးဝင်တယ်။ တရက်ကို ဘယ်နှစီး ဝင်နိုင်မယ်ဆိုတာတော့ မသိသေးဘူး။ တရက်ကို အစီး ၅၀ ဝင်နိုင်အောင်တော့ ကြိုးစားသွားမယ်။” လို့ မြန်မာ လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

တရုတ်ဘက်က ကြံ ကုမ္ပဏီတွေအနေနဲ့ အခု မေလမှာ နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်လို့ အမြန်ဆုံး နယ်ခြား စည်းရိုးတွေဖျက်၊ တံခါးပေါက်တွေဖွင့်ပြီး ‌လမ်းတွေညှိ၊ ကရိန်းတွေ အထိုင်ချကာ အမြန်ဆုံး စီစဉ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

“တန်ချိန် ၂ သိန်းဝန်းကျင် တင်ပို့ဖို့ ရှိတယ်။ ကြံကား တစီးကို ၂၅ တန် တင်နိုင်တယ်။ ဒီလ နောက်ဆုံးပို့ရမှာ လို့ပြောတယ်။ ၁၅ ရက်လောက်ပဲ ကျန်တော့တာ။ တန် ဘယ်လောက် ဝင်နိုင်မလဲ မသိဘူး” လို့ ကုန်သည်တဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန်ဂိတ်ကနေ တင်ပို့ခဲ့ပြီး အခုနှစ်မှာတော့ ကျင်စန်းကျော့မှာ အသစ်ဖွင့်လိုက်တဲ့ ဂိတ်ကနေ ကြံကို သီးသန့်တင်ပို့မှာ ဖြစ်ပြီး မြန်မာ​ပြည်ဖက်က ကြံကားတွေကို ကရိန်းနဲ့ ချိတ်ကာ တရုတ်ပြည်ဖက် ကားပေါ်ကိုတင်ပို့မှာဖြစ်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က မူဆယ်မြို့နယ်က ကြံအချို့၊ နမ့်ခမ်းမြို့နယ်၊ မန့်ဝိန်းကြီးမြို့နယ်ဘက်တွေမှ မန့်ဝိန်း – ကျယ်ဂေါင် နယ်စပ်ကနေ ဝင်ရမယ့် ကြံတွေကို ဂိတ် ပိတ်လိုက်တာကြောင့် တန်ချိန် သောင်းနဲ့ချီ စွန့်ပစ်ခဲ့ရပါသေးတယ်။

Photo-မောင်းကု
#voiceofmyanmar #VOM #ကျင်စန်းကျော့ #ဂိတ်အသစ် #ကြံစတင်ပို့

Related posts

Leave a Comment

VOM News

FREE
VIEW