ကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်း ခခဲ့ပေမယ့် ကြီးမားတဲ့ထိခိုက်မှုမျိုး မရှိဘူးလို့သိရ

မေ ၁၆-၂၀၂၂
VOM (GG)

မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို ဒီနေ့မေလ ၁၆ ရက် မနက်အစော ၂ နာရီကျော်လောက်က မိုးကြိုးလျှပ်စီးစက်ကွင်း အနည်းငယ်ခခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကသိရပါတယ်။

” ဒီနေ့မနက် ၂ နာရီ ၄၀ လောက်မှာ မိုးကြိုးကွင်းခခံရတာပါ။ကြီးကြီးမားမားထိခိုက်တာတော့မရှိဘူး၊ရွှေသင်္ကန်းကပ်ထားတာတွေ ကွာကျတာမျိုးပဲရှိတာပါ ” လို့ ဂေါပကအဖွဲ့ဝင်တဦးကပြောပါတယ်။

ကျိုက်ထီးရိုးဘုရားရဲ့ကျောက်လုံးတော်ကြီး အောက်ခြေကနေ အမြင့် ၆ ပေကျော်ကျော်လောက်မှာ ၃ ပေခန့်ရှိတဲ့ အစင်းကြောင်းအရာ ဖြစ်ပေါ်ခဲ့သလို နောက်ထပ် ၆ လက်မ ပတ်လည်လောက် သရိုးဖတ်တွေ ကွာကျသွားခဲ့တာပဲရှိပြီး အခြား ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိဘူးလို့ သိရပါတယ်။

” မနေ့က မိုးတော်တော်လေးကို သည်းတာ၊ကြောက်ဖို့တောင်ကောင်းတယ်။မိုးကြိုးတွေပစ်တာလည်း တအုန်းအုန်းနဲ့၊လေကတော့ နည်းနည်းပဲ တိုက်တယ်၊ ကျနော်တို့ကြားရသလောက်တော့ ဘုရား ကြီးကြီးမားမားထိခိုက်တာမရှိဘူးလို့သိရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့က မေလ ၁၅ ရက်နေ့ညပိုင်းက ဘုရားရင်ပြင်တော်တဝိုက်မှာ မိုးရွာသွန်းမှုများပြားခဲ့သလို မိုးကြိုး၊လျှပ်စီးလက်တာတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထီးရိုးဘုရား တောင်တော်ပိတ်ပွဲကိုတော့ မေလ ၁၄ ရက်နေ့ ကဆုန်လပြည့်နေက ဘုရားရင်ပြင်တော်ပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထီးရိုးဘုရား #မိုးကြိုးစက်ကွင်း #ကြီးမားတဲ့ထိခိုက်မှုမရှိ

Related posts

Leave a Comment

VOM News

FREE
VIEW