ရေဦးမြို့နယ်မှာ ကျေးရွာတချို့ မီးလောင်ပြီး ၊ အဲ့ဒီ မီးလောင်ပြင်ထဲက လူ ၁၀ ဦးရဲ့ အရိုးစုတွေ တွေ့

မေ ၊ ၁၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်ထဲက ကျေးရွာတချို့ဟာ အခုလဆန်းပိုင်းကစလို့ မီးလောင်တာတွေဖြစ်ခဲ့ပြီး အဲ့ဒီ မီးလောင်ပြင်ထဲမှာ မီးရှို့ခံထားရတဲ့ လူရိုးစုတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” အခုလ ၁၂ ရက်နေ့က အင်ပင်ရွာမှာ လူနေအိမ် ၁၂ လုံး မီးလောင်ခဲ့တယ် ၊ အဲ့ဒီအထဲက ဦးသန်းလှိုင်ရဲ့နေ အိမ် ၊ မီးလောင်ပြင်မှာ မီးလောင်ထားတဲ့ လူရိုးစုတွေ တွေ့ရတယ် ၊ ဦးခေါင်းခွံ ၊ ခါးဆစ်ရိုး ၊ ခြေတောက်ရိုးတွေကို ကြည့်ခြင်းအားဖြင့် လူ ၅ ယောက်ရဲ့အရိုးစုဆိုတာ ထင်ရှားတယ် ၊ နောက်ပြီး ဦးဇော်ထူးရဲ့ နေအိမ် ၊ မီးလောင်ပြင်မှာလည်း အလားတူ လူရိုးစုတွေ ထပ်ပြီးတွေ့ရတယ် ၊ အဲ့ဒီမှာလည်း လူ ၅ ယောက်ဆိုတော့ ၂ နေရာပေါင်း လူ ၁၀ ယောက်ရဲ့ အရိုးစုတွေဖြစ်တယ် ” လို့ အင်ပင်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်ပြင်က တွေ့ရတယ်ဆိုတဲ့ လူရိုးစုတွေဟာ အင်ပင်ရွာခံတွေ မဟုတ်ဘူးလို့ ဒေသခံတွေက မှတ်ချက်ပြုပြောပါတယ်။

” အင်ပင်ရွာမှာ လူပျောက် ရှိ ၊မရှိ စစ်ဆေးကြည့်တဲ့အခါ ၊ ပျောက်နေတဲ့သူ အခုထိတော့ မရှိသေးဘူး ၊ အဲ့ဒါကြောင့် မီးလောင်ထားတဲ့ အရိုးစုတွေဟာ အင်ပင်ရွာခံတွေ မဖြစ်နိုင်ဘူး ၊ ဒါနဲ့ မုံတိုင်ပင်ရွာကို လူပျောက်ရှိသလားလို့ မေးမြန်းကြည့်တဲ့အခါ ထွက်ပြေးတိမ်းရှောင်နေသူတွေများလို့ အတိအကျ မသိရဘူး ၊ နောက်ပြီး မုံတိုင်ပင်ရွာက ရွာကြီးတယ် ၊ လူများတယ်ဆိုတော့ ရုတ်တရက် မသိနိုင်ဘူး”လို့ အင်ပင်ရွာခံတယောက်က ပြောပါတယ်။

ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ရွှေဘိုခရိုင်ထဲမှာ ဒီရက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ အရှိန်မြင့်ဆောင်ရွက်နေတာဖြစ်တယ် ၊ ရေဦးမြို့နယ် ၊ ဆီဇုန်ရွာဘက်မှာ ၁၁ ရက်နေ့ ၊ နေ့ခင်းပိုင်းက ထိတွေ့တိုက်ပွဲဖြစ်တာရှိတယ်၊ အကြမ်းဖက် ရန်သူ့ အလောင်း ၂၄ လောင်း နဲ့ အတူ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၂၄ လက်၊ လက်လုပ်ဗုံးသီး ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ သေနတ် ပြောင်း ၃၅ ချောင်း၊ သစ်သားသေနတ်ဒင် ၆ လက်၊ ဂဟေဆော်စက် ၁ လုံး၊ ကျောက်ဖြတ်စက် ၂ လုံး သိမ်းပိုက်ရမိတာတော့ရှိတယ် ” လို့ ပြောပါတယ်။

အင်ပင်ရွာ မီးလောင်ပြင်က တွေ့ရတယ်ဆိုတဲ့ မီးလောင်လူရိုးစုတွေဟာ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ VOM က အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒါ့အပြင် ရေဦးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လူသေရုပ်အလောင်း စွန့်ပစ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ၊ အခုလ မေ ၁ ရက်ကနေ မေ ၁၃ ရက်အထိ စွန့်ပစ်ထားတဲ့ အမည်မသိ ပိုင်ရှင်မဲ့ လူသေရုပ်အလောင်းပေါင်း ၁ ဒါဇင်ခွဲကျော် တွေ့ရပြီး အဲ့ဒီ ရုပ်အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့အတွက် နယ်ခံလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ရေဦး ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW