ကျောက်တော်မှာ အေဒီ ၄ရာစုလောက်က ရှေးဟောင်းကျောက်ဆင်းတု တူးဖော်တွေ့ရှိ

မေ ၁၆-၂၀၂၂
VOM (GG)

ရခိုင်ပြည်နယ် ကျောက်တော်မှာ အေဒီ-၄ရာစု လောက်က ထုဆစ်ပြုလုပ် ကိုးကွယ်ခဲ့တယ်လို့ယူဆရတဲ့ ရှေးဟောင်းကျောက်ဆင်းတုတော် တစ်ဆူကို တူးဖော်တွေ့ရှိထားတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနကသိရပါတယ်။

ထိုင်တော်မူ ကျောက်ဆင်းတုတော်ဖြစ်ပြီး ရန်ကုန်-စစ်တွေလမ်းမကြီး၊ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာမှ အနောက်ဖက် ၃ဖာလုံခန့်၊ ပြူးမချောင်းအနီးရှိ ကန်ချေပြင်ကွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၃ရက်နေ့က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဦးညွန့်မောင်ဆိုတဲ့ တောင်သူရဲ့ လယ်ကွင်းပြင်ထဲမှာတွေ့တာ။သူက ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေကိုတူးဆွရာကနေ ထိုင်တော်မူ ကျောက်ဆင်းတုတော်တစ်ဆူ တွေ့ကြောင်း ဒေသခံတွေက သတင်းပို့တော့မှ မြောက်ဦးဌာနခွဲက သွားစစ်ဆေးခဲ့တာပေါ့။ အဲ့ဒီတွေ့တဲ့နေရာက စေတီဟောင်းနေရာတခုဖြစ်တယ်။ ကုန်းအကျယ်က ၂၅ ပေ ပတ်လည်ရှိတယ်၊ အောက်ခြေ ပန္နက်ရာတွေ ကိုပါ တွေ့ရတယ်။အေဒီ-၄ရာ စု လောက်က ထုဆစ်ပြုလုပ်ပြီး ကိုးကွယ်ခဲ့တယ်လို့ယူဆရတယ် “လို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

သဲကျောက် အမျိုးအစားဖြစ်ပြီး ဉာဏ်တော်အမြင့် ၅ပေ ၅လက်မ၊ ရင်ဝအကျယ် ၂ပေ ၄လက်မနဲ့ ဒူးစွန်အကျယ် ၄ ‌ပေရှိပြီး မုဒြာမှာ ဘူမိဖဿမုဒြာဟန်နဲ့ ခြေထပ်တင်ပလ္လင်ခွေဟန်ဖြစ်ပြီး စမ္မခဏ်နဲ့ တွဲလျက်ပါရှိတယ်လို့ သိရပါတယ်။

ကျောက်ဆင်းတုရဲ့ဦးခေါင်းတော်မှာလည်း ဆံကျစ်လုံးပုံစံ ပြုလုပ်ထားပြီး ဥဏှိဿတွင် ရောင်လျှံ တော်နှစ်ဆင့် ပြုလုပ်ထားတာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

မျက်နှာတော်ဟန်မှာလည်း ဓညဝတီ ခေတ်နှောင်းမှ ဝေသာလီခေတ်ဦးကို ကူးပြောင်းလာတဲ့ ဟန်ပန်ဖြစ်ပြီး လည်ရေးသုံးရစ်ပါရှိကာ ပါးလွှာတဲ့ သင်္ကန်းတော် ဝတ်ရုံထားတယ်လို့ သိရပါတယ်။

ကျောက်ဆင်းတုတော်ရဲ့ နားရွက်တော်မှာ ပုခုံးတော်နဲ့ ထိစပ်နေပြီး ဆင်းတုတော်မှာ မြေပေါ်ကို မှောက်လျက်ကျခဲ့ရာမှ မျက်လုံးတော်၊ မေးတော်နဲ့ နှာခေါင်းတော်တို့မှာ ပဲ့ကြေခဲ့ပြီး ခါးအလယ်မှာ ထက်ပိုင်းကျိုးပျက်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #ရှေးဟောင်းဘုရားကျောက်ဆင်းတုတွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW