ကျောင်းဖွင့်ချိန်အမှီ CDM ဆရာဆရာမတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ နစက စည်းရုံး

မေ ၁၇-၂၀၂၂
VOM (GG)

ကျောင်းသားတွေအတွက် အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေလိုအပ်နေလို့ CDM လုပ်နေတဲ့ အခြေခံပညာ ကျောင်းဆရာ၊ဆရာမတွေ အနေနဲ့ နာသုံးနာကို ရှေးရှုပြီး ကျောင်းဖွင့်ချိန်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ နစက ကောင်စီက စည်းရုံးပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်ဖြစ်စေ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့မိတာကြောင့်ဖြစ်စေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ဖြစ်စေ တာဝန်ကနေ ကင်းကွာခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းစည်းကမ်းနဲ့ အရေးယူခံထားရတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ နိုင်ငံသားမျိုးဆက်သစ်လူငယ်တွေအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူတဲ့ နာသုံးနာကို ရှေးရှုပြီး သင်ကြားရေးတာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းရှိရာ မြို့နယ်ပညာရေးမှူးရုံးကိုဖြစ်စေ၊ လက်ရှိနေထိုင်ရာဒေသက မြို့နယ်ပညာရေးမှူးရုံးကို အခု မေလ ၃၁ ရက်နေ့မတိုင်မီ သတ်မှတ်ပုံစံဖြည့်စွက်ကာ အယူခံလွှာတင်သွင်းနိုင်တယ်လို့ သိရပါတယ်။

အခုလို စည်းရုံးဖိတ်ခေါ်တဲ့အပေါ် CDM လုပ်နေတဲ့ မူလတန်းပြ ကျောင်းဆရာမတဦးက” CDM လုပ်တာ ၁ နှစ်ကိုရှိပြီလေ၊ အခုမှတော့ ပြန်မဝင်တော့ပါဘူး။ပြန်ဝင်ပြီးမှ ဖမ်းခံရတယ်ဆိုတာမျိုးတွေကလည်း ကြားနေရတာဆိုတော့၊ ကလေးတွေအတွက်တော့ စိတ်မကောင်းဖြင်္စပါတယ် “လို့ ပြောပါတယ်။

လက်ရှိမှာ အခြေခံပညာ သင်ကြားကြမယ့် ကျောင်းသားတွေအတွက် အရည်အသွေးပြည့်ဝပြီး ဆရာ၊တပည့် အချိုးမျှတတဲ့ သင်ကြားမှုစနစ်ဖြစ်စေဖို့အတွက် အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နစက ကတော့ တာဝန်ကနေကင်းကွာနေတဲ့ အခြေခံပညာရေးဝန်ထမ်းတွေထဲက တာဝန်ထမ်းဆောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေတဲ့ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းတွေနဲ့ အယူခံတင်သွင်းတဲ့ ဝန်ထမ်းတွေကို တာဝန်ပျက်ကွက်ခဲ့တဲ့ ကာလတွေအတွက် လစာမဲ့ခွင့်အဖြစ်သတ်မှတ်ပြီး ကြီးလေးတဲ့ ရာဇဝတ်မှုကျူးလွန်ထားသူတွေမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန်လ ၂ ရက်နေ့မှာ ပြန်လှည်ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းအပ်နှံခ အခမဲ့အဖြစ်ကြေညာထားကာ ဆရာ၊ဆရာမတွေကိုလည်း လက်ဆောင်ပေးတာတွေ၊လာဘ်ထိုးတာတွေမလုပ်ဖို့ နစက က အသိပေးပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #CDMဆရာဆရာမ #နစကစည်းရုံး #အလုပ်ပြန်ဝင်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW