၂၀၂၀ မိုး ချေးငွေကို အခုလ၂၇ ရက်နောက်ဆုံးပြန်မဆပ်ရင် အရေးယူမယ်လို့ ပြည်ခရိုင်ဘဏ်ခွဲက သတိပေး

မေ ၂၃-၂၀၂၂
VOM (GG)

စိုက်ပျိုးရေးဘဏ်ကနေ တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ချေးပေးထားတဲ့ ၂၀၂၀ မိုးချေးငွေတွေကို အခု မေလ ၂၇ ရက်နေ့ နောက်ဆုံးထားပေးဆပ်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ပြည်ခရိုင်ဘဏ်ခွဲက သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

တကယ်လို့ တောင်သူအနေနဲ့ ငွေပြန်လည်ပေးဆပ်ရမယ့်သတ်မှတ်ရက်မှာ ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်တည်ဆဲဥပဒေအရဖြစ်စေ၊မြေခွန်ကျန်ငွေဖြစ်သကဲ့သို့ဖြစ်စေ အရေးယူမှာဖြစ်တယ်လို့သိရပါတယ်။

” ဒီနေ့ညနေပဲ ဘဏ်က ချေးငွေဆပ်ဖို့ဆိုပြီးစာရွက်တွေ အိမ်အထိလိုက်ပေးနေတယ်။ ၂၇ ရက်နေ့ဆိုတော့ ၄ ရက်ပဲ အချိန်ရှိတော့တယ်။ ဒီကြားထဲ ငွေကဘယ်သွားရှာရမလဲ ။ အခုကာလ အကုန်ကြပ်တည်းနေတာ။ အရင်းမဆပ်ဘဲ အတိုးပဲဆပ်ဆိုရင်တောင် လယ်သမားတွေ အသက်ရှုချောင်အုံးမယ်၊ အခုတော့ ငွေပြန်ဆပ်ဖို့က ဘယ်လိုမှကို အဆင်မပြေဘူး”လို့ ပြည်မြို့နယ်စပါးစိုက်တောင်သူတဦးကပြောပါတယ်။

ပြည်တွင်းမှာ ကိုဗစ်ရောဂါ နဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ဇာတိပြင်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသလို၊ စပါးစျေးနူန်းလည်း မကောင်းတဲ့အတွက် အစိုးရက ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြည်မြို့နယ်ထဲက တောင်သူအများစုဟာ ပြန်မဆပ်နိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ တောင်သူတွေကပြောကြပါတယ်။

ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနှစ်မှာလည်း ချေးငွေအရင်း ၊အတိုး ပေါင်းပြီး ပြန်ဆပ်ရမယ့်အစား အရင်းကိုချန်ထားပြီး အတိုးသာ ဆပ်ခွင့်ပြုပေးစေလိုတယ်လို့ ပြောပါတယ်။

” အခု မိုးစပါးလယ်လုပ်ဖို့တောင် ဘယ်ကရှာရမှန်းမသိဘူး။ မြေသြဇာကလည်း တစ်သိန်းဖြစ်နေတယ်။ စိုက်ပျိုးစရိတ်က အကုန်တက်နေတာ။ဒါကို မိုးချေးငွေ မရမကပြန်ဆပ်ခိုင်းတော့ ကျနော်တို့ဘာနဲ့ဆပ်ရမလဲ၊ အခုကာလ ဘယ်သူ့ဆီကမှလည်း ချေးငှါးလို့မရဘူး။အလုပ်အကိုင်ကလည်းမရှိဘူး။ ဘာလုပ်ရမလဲ မသိတော့ဘူး။အရင်းမဆပ်ရဘဲ အတိုးပဲဆပ်ဆိုရင်တော့ မဆိုးပါဘူး ၊ အခုကတော့ တရွာလုံး အများစုကမဆပ်နိုင်ဘူး ” လို့ တောင်သူတဦးက ပြောပါတယ်။

ပြည်မြို့ စိုက်ပျိုးရေးဘဏ်ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က လယ်တစ်ဧကကို မိုးချေးငွေ တသိန်းခွဲ ကျပ် နဲ့ ကိုဗစ်အထူးချးငွေ ၅သောင်း ကျပ်ပေါင်းကာ တောင်သူတစ်ဦးကို တစ်ဧကအတွက် ၂သိန်းကျပ် ထုတ်ချေးပေးခဲ့တာဖြစ်လို့ လယ်ဧက အရေအတွက်အနည်းအများပေါ်မူတည်ပြီး လယ်သမားတစ်ဦးကို ၂သိန်း ကျပ်ကနေ ငွေကျပ် သိန်း ၄၀ အထက်ထိ ထုတ်ချေးပေးထားမှုရှိတာ ဖြစ်ပါတယ်။

ပြည်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကတော့ လက်ရှိမှာ မိုးချေးငွေ ဆပ်ပြီးသူတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ မိုးချေးငွေတွေ ပြန်လည်ထုတ်ချေးပေးနေတယ်လို့ ဘဏ်ခွဲဝန်ထမ်းတဦးကပြောပြပါတယ်။

၂၀၂၀ မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေတွေကို ပြန်ဆပ်ရမယ့်ကာလမှာ ပြီးခဲ့တဲ့နှစ် ဧပြီလထဲက နောက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ပြည်ခရိုင်မှာဆိုရင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခဲ့တဲ့ စပါး စိုက်ဧက ၅သောင်းကျော်ရှိတယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ပြည် #မိုးချေးငွေ #ပြန်မဆပ်ရင်အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW