ပိုင်ရှင်စွန့်လွှတ်ခဲ့တဲ့ ကား ၂၉ စီးနဲ့ သိန်း ၄ထောင်ကျော် တရားမဝင်သစ်တွေကို ပဲခူးနဲ့ရန်ကုန်ဆိပ်ကမ်းမှာဖမ်းမိ

မေ ၂၇-၂၀၂၂
VOM (GG)

ရန်ကုန်မြို့၊ သီလဝါ နဲ့ထီးတန်းဆိပ်ကမ်းမှာ ပိုင်ရှင်က စွန့်လွှတ်ခဲ့တဲ့ မော်တော်ယာဉ် ၂၉ စီး အပါအဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။

ရန်ကုန်မှာ ကားတွေဖမ်းဆီးရမိပြီး ပဲခူးတိုင်းမှာ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း၊ ပိုင်ရှင်ကစွန့်လွှတ်တဲ့ ကားတွေကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေသလို တရားမဝင်သစ်ဖမ်းဆီးရမိမှုကိုလည်း သစ်တောဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

” ပိုင်ရှင်မဲ့နဲ့ ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာက မတူဘူး။ ပိုင်ရှင်မဲ့ဆိုတာ ပိုင်ရှင်က ရှိကိုမရှိတာ၊ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာကျ သူကဒီဟာကိုသွင်းလာတယ် ဒါပေမယ့် ဆက်ပြီးတော့ မထုတ်နိုင်တဲ့ဟာပေါ့ ၊ပရောဆက်လည်းမတူဘူး၊ပရိုစီဂျာလည်းမတူဘူး “လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် တဦးကပြောပါတယ် ။

မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)ကုန်သေတ္တာစစ်ဆေးရေးစခန်းမှာ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့ရဲ့ မေလ ၂၄ ရက်နေ့က စစ်ဆေးမှုအရ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်က စွန့်လွှတ်တဲ့ မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းငွေကျပ်၄၂၃၁၁၀၃၈၃) ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရားမဝင်သစ်တွေကိုတော့ မေလ ၂၅ ရက်နေ့က ပဲခူးတိုင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က စီမံခန့်ခွဲမှူနဲ့ တိုင်းသစ်တောဦးစီးဌာနဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာကနေ ပဲခူးမြို့နယ်အတွင်း ကျပ် ၃၈၃၄၆၀ ခန့် တန်ဖိုးရှိ တရားမဝင်ကျွန်းခွဲသား သုည ဒသမ ၅၈၁၀ တန် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မေ ၂၃ ရက်နေ့ကလည်း ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်းက တာဝန်ကျအကောက်ခွန်အဖွဲ့ရဲ့ စစ်ဆေးမှုအရ သွင်းကုန်ကြေညာလွှာ(ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်က စွန့်လွှတ်တဲ့ Light Truck ( RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းကျပ် ၉ ၀၁၄ ၆၈၈) ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မေလ၂၃ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ဖမ်းဆီးရမိမှုစုစုပေါင်း အမှုတွဲ ၃၀ ဖြစ်ပြီး ကျပ် ၄၃၂၅၀၈၅၃၁ ခန့် ဖြစ်တယ်လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ် ။

#voiceofmyanmar #VOM #ပဲခူး #ရန်ကုန် #တရားမဝင်သစ် #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW