မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ထုတ်ပြန်ကြေညာချက် တရုတ်နဲ့ရုရှား ပိတ်ပင်ကန့်ကွက်

နယူးယောက်၊ မေ ၂၈-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆိုးရွားတဲ့လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ပြသနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကို တရုတ်နဲ့ ရုရှားတို့က ပိတ်ပင်ကန့်ကွက်လိုက်တယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို မနေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Noeleen Heyzer တို့က မြန်မာ့အရေးဖြေရှင်းဖို့နည်းလမ်းတွေကို အကျဥ်းချုပ် တင်ပြခဲ့ပါတယ်။

လက်ရှိမှာ မြန်စစ်တပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုတွေဆက်လက်ဖြစ်ပေါ်နေတာဟာ စစ်တပ်ရဲ့ အုပ်ချုပ်နိုင်စွမ်းကို စိန်ခေါ်နေတဲ့ ပြည်တွင်းစစ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူအချို့က ရှုမြင်နေကြပါတယ်။

ဗြိတိန်နိုင်ငံမှ အဆိုပြုထားတဲ့ မြန်မာအရေး ထုတ်ပြန်ချက်မှာ “အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရာမှာ အဆင်ပြေချောမွေ့စေရေး” အာဆီယံရဲ့ အဓိကအခန်းကဏ္ဍကို အလေးပေးဖော်ပြထားပြီး မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် “သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့” ကောင်စီအဖွဲ့ဝင်တွေရဲ့ ထပ်လောင်းတောင်းဆိုမှုတွေ ပါဝင်ပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်ဖြစ်ထွန်းမှု နည်းပါးတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ဒါတွေကို အပြည့်အဝ အကောင်အထည်ဖော်ရေး ခိုင်မာတဲ့လုပ်ဆောင်မှုတွေပြုဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမယ့်လည်း ဒီလိုကြေညာချက်ထုတ်ပြန်မယ့်အပေါ် တရုတ်နဲ့ ရုရှားက ကန့်ကွက်တာကြောင့် လုံခြုံရေးကောင်စီက ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

Ref: Washinton Post
Photo: Reuters

#voiceofmyanmar #VOM #မြန်မာ့အရေး #ကုလလုံခြုံရေးကောင်စီ #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW