ရေစကြိုမြို့နယ် ဇယမရွာ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ပစ္စည်းတွေ လုယူခံရ

မေ ၊ ၂၈ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုနယ်နဲ့ ပခုက္ကူနယ်အစပ် ဇယမ(ကျွန်းလှယဉ်)ရွာ မြောက်ကျောင်း သာဿနာ့ ဇောတိပါလ ကျောင်းတိုက် ဆရာတော်ဟာ မေ ၂၇ ရက် ၊ မနေ့က ညနေပိုင်းမှာ အသတ်ခံရပြီး ကျောင်းပိုင်ပစ္စည်းတွေ လုယူခံရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းကို ဇယမရွာခံတယောက် ပြောတာက
” ညနေ ၅ နာရီခွဲဝန်းကျင်မှာဖြစ်တာပါ ၊ သာဿနာ့ ဇောတိပါလကျောင်းက သက်တော် ၆၁ နှစ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဦးသောမလောက ရဲ့ ဦးခေါင်းကို လက်လုပ်သေနတ်နဲ့ ပစ်သတ်ပြီး ကျောင်းပိုင် ပစ္စည်းတွေ လုယူသွားတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့ကိုမေးကြည့်တော့ ” ရရှိဒဏ်ရာနဲ့ ဆရာတော် ပျံလွန်တော်မူသွားတယ် ၊ သာဿနိကပိုင် ပိုက်ဆံ သိန်း ၂၀ ၊ ဖုန်း ၁ လုံးနဲ့ ကျောင်းပိုင် ကား ၁ စီးလည် ပျောက်ဆုံးနေတယ် ၊ လူသတ်သမားတွေ လုယူသွားတာဖြစ်နိုင်တယ်လို့ ကနဦး ခန့်မှန်းရတယ် ” လို့ တာဝန်ရှိသူတဦးက ဖြေပါတယ်။

အဲ့ဒါကြောင့် ကျောင်းထိုင်ဆရာတော်ကြီး သေနတ်နဲ့ ပစ်သတ်ပြီး ကျောင်းပိုင် ပစ္စည်းတွေ လုယူသွားတဲ့ ဖြစ်စဥ်ကို ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလ ၂၆ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့ ၊ အမှတ် ၃ ရပ်ကွက်ထဲက ကုန်မာပစ္စည်းအရောင်းဆိုင် တခုမှာဓားပြတိုက်ခံရပြီး ဆိုင်ထဲက ပစ္စည်းတချို့ ဖျက်ဆီးခံရပါသေးတယ် ။

ပခုက္ကူခရိုင်ထဲမှာ ဓားပြတိုက် လုယက် မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒီလအတွင်း ပခုက္ကူမြို့နယ်မှာ ၅ ကြိမ် ၊ မြိုင်နယ်မှာ ၃ ကြိမ် ၊ ရေစကြိုနယ်မှာ အခုဖြစ်စဥ် အပါအဝင် ၄ ကြိမ် ၊ ပေါက္နယ်မှာ ၂ ကြိမ်နဲ့ ဆိပ်ဖြူနယ်မှာ မနေ့က ၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဇယမ #ကျွန်းလှယဉ် #ကျောင်းထိုင်ဆရာတော်သတ်ခံရ #​ရေစကြို #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW