မူဆယ်ခရိုင် နမ့်ခေါင် တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်နေ

ဇွန် ၁၊ ၂၀၂၂
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဒေသ၊ တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်း အဖွဲ့တို့ မနေ့ မေလ ၃၁ ရက်နေ့‌ကစပြီး ဒီကနေ့ ဇွန် ၁ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က နမ့်ခေါင် ဆုတောင်းတောင်ဘက်မှာ။ ဒီနေ့လည်း အဲဒီ ဘက်မှာပဲ” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။

စစ်တပ်ဘက်က တပ်မ ၉၉ ဖြစ်ပြီး အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးရာကနေ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ ကိုးကန့် MNDAA တို့ ပူးပေါင်းအဖွဲ့နဲ့ တိုက်ကြတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဒေသခံ ၁ ဦးက ရှင်းပြပါတယ်။

ဒီကနေ့ ဇွန်လ ၁ ရက်နေ့ မှာတော့ မနက် ၁၀ နာရီ ခွဲ ဝန်းကျင်ကစ လက်နက်ကြီးရော လက်နက်သေးပါ ပြင်းပြင်း ထန်ထန် ပစ်ခတ်သံ‌တွေ ကြားရပြီ နေ့ခင်း ၁၁ နာရီ နောက်ပိုင်းကစ လက်ရှိထိ လက်နက်ကြီး မိုင်ဖန်နဲ့ ၁၀၅ မိုင် တို့ဘက်က တချက် တချက် ပစ်ကူနေတယ်လို့ ဆိုပါတယ်။

“မနေ့ကလည်း ၁၀၅ မိုင်ကနေ့ ၆ ချက်လောက် ပစ်တယ်။ ခု လည်း ၆ ချက်လောက်ရှိပြီ ပစ်နေတာ။” လို့ ၁၀၅ မိုင် ဒေသခံ ၁ ဦးက ပြောပါတယ်။

ယမန်နေ့ မေလ ၃၁ ရက်နေ့က ညနေ ၃ နာရီခွဲ ဝန်းကျင်ကစ မိနစ်အနည်းငယ်ကြာ လက်နက်သေးရော လက်နက်ကြီးပါ မိနစ် အနည်းငယ်ကြာ ပြင်းပြင်း ထန်ထန် ပစ်နေပြီး လက်နက်ကြီးတော့ ညနေ ၄ နာရီကျော်ထိ ပစ်ကူ‌တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်ခန့်ကစ စစ်တပ်က စစ်ကြောင်းချီနေတာ တွေ့ရလို့ တိုက်ပွဲ ဖြစ်လာမှာ စိတ်ပူတာကြောင့် လဖက်ခြံ၊ ပြောင်းဖူးခြံနဲ့ ယာခင်း သွားတဲ့ ဒေသခံအချို့ အိမ်ဘက်ပြန်လှည့် ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညမှာလည်း မိုင်ဖန် ရွာထိပ်မှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်းအဖဲ့ တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဧပြီလ ၂၆, ၂၇ ကလည်း မုံးပေါ်ဒေသ စီစီဝမ်တာဘန် တောင်ခြေ ဟူဂန့် ရွာ အနီးမှာ စစ်တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးနားရွာထဲက နေအိမ် အဆောက်အုံ တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကြံခင်း ဧက ၁၀၀ နီးပါး ‌လောင်ကျွမ်း ပျက်စီးသွားခဲ့ပါသေးတယ်။

မုံးပေါ်ဒေသမှာတော့ စစ်တပ်၊ ပြည်သူ့စစ်၊ KIA, MNDAA, မြောက်ပိုင်း မဟာမိတ်ညီနောင်တို့ လှုပ်ရှားသွားလာ‌ရာနေရာဖြစ်ပြီး အခုနှစ်ဆန်းပိုင်းကစ စစ်တပ် နဲ့ MNDAA, စစ်တပ်နဲ့ KIA တို့အကြား ကြိုကြား ကြိုကြား တိုက်ပွဲ ဖြစ်နေတာပါ။

#voiceofmyanmar #VOM #မူဆယ်ခရိုင် #MNDAA #KIA #တိုက်ပွဲ #စစ်ရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW