ရွှေဘိုနဲ့ဝက်လက်ကြားက ရွာ၃၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရလို့ အခုထိ ကျောင်းမအပ်နိုင်သေး

ဇွန် ၊ ၂-၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရဲ့အရှေ့တောင်ဘက် ၊ ဝက်လက်မြို့နယ်ကြားက ကျေးရွာပေါင်း ၃၀ ကျော်ဟာ တိုက်ပွဲရှောင် ပြေးလွှားနေရတာကြောင့် အခြေခံပညာသင်ယူနိုင်ဖို့အတွက် ကျောင်းအပ်နှံတာတွေ ဒီကနေ့အထိ မလုပ်နိုင်သေးဘူးလို့ အဲ့ဒီရွာခံတွေဆီက သိရပါတယ်။

” ရွာက မီးရှို့ခံထားရတယ် ၊ တချို့လည်း အခုထိ ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲဖြစ်တယ် ၊ ရွာပြန်လာလို့လည်း အိမ်မရှိတော့တာကြောင့် ရောက်တဲ့နေရာမှာပဲ ပေကပ်နေတဲ့ သူတွေရှိတယ် ၊ ကလေးတွေ ကျောင်းနေဖို့ အရေးထက် ၊ မိသားစု အိမ်နဲ့ယာနဲ့ နေနိုင်ဖို့အရေးတောင် မလွယ်ဘူး “လို့ ဝက်လက်နယ်က စစ်ဘေးရှောင် ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစလို့ ဒီကနေ့အထိ တိမ်းရှောင်နေရပြီး ရွာမီးလောင်သွားတဲ့အတွက် မိသားစု နေထိုင်ရေး အခက်ကြုံလာတဲ့နောက်ပိုင်း ကလေးတွေကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတာလို့ သိရပါတယ်။

အဲ့ဒီလို အခက်အခဲဖြစ်နေတဲ့ ရွာတွေကတော့ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ပုလဲသွယ်၊ ဆားတောင်ကြီး၊ ခွေးတက်ကြီး၊ စခန်းသာ၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ဂွေးပင်ကုန်း၊ ထနောင်းကိုင်း၊ မခေါက်၊ ရှားကွဲ၊ ထုံးဘိုကုန်း၊ သစ်ဆိမ့်၊ မြင်းကုန်း၊ ငါးကြင်းအိုင်၊ ဟံလင်း၊ ငါးပိအိုး၊ ကံကြီးတော့၊ တကန်သာ၊ကြိုးကြာ၊ ဇောက်ညမ်းကုန်း၊ ဟင်္သာကြီး၊ ရွှေကျင်၊ မောင်းတပ်၊ ဆည်ကြီး၊ သရက်ပင်ဆိပ်၊ ငါးပတ်ချောင်း၊ မှော်ဦး၊ ရေလည်မော်၊ ကမ်းဖြူ၊ ရွာသာ စတဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကျေးရွာက ဒေသခံတွေဟာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် အများနည်းတူ ထွက်ပြေးတိမ်းရှောင်နေရင်း ရွာထဲကအိမ်တွေ မီးလောင်ပျက်စီးကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။

” စစ်ကြောင်းလာတယ်လို့ သတင်းကြားရင် တရွာလုံး ထွက်ပြေးရတယ် ၊ မပြေးဘဲ ရွာမှာကျန်နေခဲ့တယ်ဆိုရင် ကျန်ခဲ့သူက ဒလန်လို့ သတ်မှတ်တယ် ၊ ရွာပစ်ပြီး ပြေးပြန်တော့လည်း ပြေးတဲ့သူတွေကို PDF လို့ စွပ်စွဲခံရပြန်တယ် ၊ ရွာမှာက ၂ ဖက်စလုံး ကြောက်နေရတာဆိုတော့ အများနည်းတူ ပြေးရတာဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းမအပ်ရသေးဘူး ” လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၃၀ ကျော်မှာ အကြမ်းဖျင်းအားဖြင့် ကျောင်းမအပ်နိုင်သေးတဲ့ ကလေးပေါင်း ၂ ထောင်ရဲ့အထက်မှာရှိနိုင်တယ်လို့ တိုက်ပွဲရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါသေးတယ်။

#voiceofmyanmar #VOM #ရွှေဘို #ဝက်လက် #တိုက်ပွဲရှောင် #ကျောင်းမအပ်နိုင်သေး

Related posts

Leave a Comment

VOM News

FREE
VIEW