ကြို့ပင်ကောက်မှာ ရွှေထည်ပစ္စည်းတွေ လုယက်ခံရပြီး ရွှေဆိုင်ဝန်ထမ်းတဦး သေနတ်မှန်ဒဏ်ရာရ

ဇွန် ၃-၂၀၂၂
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့မှာ ရွှေဆိုင်ဖွင့်ဖို့လာတဲ့ ပိုင်ရှင်နဲ့ဝန်ထမ်းကို သေနတ်နဲ့ပစ်ပြီး ရွှေထည်ပစ္စည်း တွေလုယက်မှူ ဒီကနေ့ဇွန်လ ၃ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့မစျေးထဲမှာဖွင့်ထားတဲ့ ထက်ဝေယံ ရွှေဆိုင် လုယက်ခံရတာဖြစ်ပြီး ဒီနေ့မနက် ၇ နာရီခန့်မှာ ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူ နဲ့ ဝန်ထမ်းက ဆိုင်ဖွင့်ဖို့လာပြီး ပစ္စည်းတွေချနေချိန် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားက သေနတ်နဲ့ထောက်ကာ ရွှေထည်ပစ္စည်းထည့်ထားတဲ့အိတ်ကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

လုယက်ချိန် ဆိုင်ဝန်ထမ်းအမျိုးသားက ရွှေထည်ထားတဲ့အိတ်ကို ပြန်လုယူခဲ့လို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ပေါင်ကို သေနတ်မှန်ခဲ့တဲ့အပြင် ရွှေပိသာချိန် ၅ ပိသာကျော်လည်း ပါသွားတယ်လို့ သိရပါတယ်။

” ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေပစ္စည်းတွေချနေတုန်း ဝင်လုတာပေါ့။ ကြိုစောင့်နေတဲ့သဘောမျိုးပေါ့။အချိန်ကလည်း ဆိုင်ဖွင့်ချိန်သိနေတယ်။ ရွှေထည့်ထားတဲ့အိတ်တော့ ပါသွားတယ်။ လာလုတဲ့သူက ဆိုင်ကယ်နဲ့၊ သေနတ်ကတော့ ကျကျန်ခဲ့တယ်လို့သိရတယ်။ ဆိုင်ပိုင်ရှင်သားကတော့ဘာမှမဖြစ်ဘူး “လို့ ဒေသခံတဦးကပြောပြပါတယ်။

လက်ရှိမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဆိုင်ဝန်ထမ်းအမျိုးသားကို ကြို့ပင်ကောက်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှူပေးနေပြီး ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေထားမရှိဘူးလို့သိရပါတယ်။

ပဲခူးတိုင်း အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ကမြို့နယ်အချို့မှာ အခုလို ရွှေဆိုင်ဓားပြတိုက်ခံရတာတွေ၊ဖုန်းဆိုင်ဓားပြတိုက်ခံရတာတွေ၊နေအိမ်ဖောက်ခံရတာ၊ဆိုင်ကယ်အလုခံရတာ၊ဆိုင်ကယ်အခိုးခံရတာတွေ ရွှေထည်ပစ္စည်းလုယက်ခံရတာတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကြို့ပင်ကောက် #ရွှေဆိုင် #လုယက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW